ရခိုင်နှင့်ချင်းတွင် အင်တာနက် အမြန်ဆုံးပြန်ဖွင့်ပေးရန် ရခိုင်မြို့နယ်သုံးခုတွင် ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


မြတ်ဆွေ | DMG
မေ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများပိတ်ထားသည့် မြို့နယ် ၈ မြို့နယ်အနက်မှ မြို့နယ်တစ်မြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက မေလ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိမှာ ရခိုင်ပြည်နယ်မှ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ ၁၁ လခန့် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ထိုသို့ အင်တာနက်ပိတ်ထားသည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များထဲမှ စစ်ရေးအရ သက်ရောက်မှု နည်းပါးသည့် မြို့နယ်တစ်မြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးသွားမည်ဟု ဦးဇော်ဌေးက ပြောသည်။

“AA ရဲ့ စစ်ရေးအရ ထိရောက်မှုနည်းပါးတဲ့၊ သက်ရောက်မှုနည်းပါးတဲ့ မြို့နယ်တစ်ချို့ကိုပေါ့နော် ကျနော်တို့ ပြန်ဖွင့်ပေးဖို့ရှိတယ်။ ကျန်တဲ့မြို့နယ်တွေကိုတော့ ပိတ်ထားမယ်” ဟု ၎င်းကဆိုသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ခံရသည့် မြို့နယ်များတွင် လူ့အခွင့်ရေးနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံနေ ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

လက်ရှိမှာ အင်တာနက်လိုင်း ပြန်ဖွင့်ပေးမည်ဆိုပါက အပိတ်ခံထားရသည့် မြို့နယ်အားလုံးကို ပြန်ဖွင့်ပေးစေ လိုကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

“ကျနော်တို့ကတော့ အားလုံးဖွင့်ပေးစေချင်တယ်။ အဲဒီလို ကွက်ကျားမိုး မရွာစေချင်ဘူး။ တန်းတူအခွင့်အရေးကို အားလုံးကို ရစေချင်တယ်။ ဟိုနေရာကိုတော့ အခွင့်ရေးတွေပေးပြီး ဒီနေရာကို ချိုးနှိမ်ထားဖို့ဆိုတာလည်း လူအခွင့်အရေးတစ်ခုကို ချိုးဖောက်ခံနေရတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။

နိုင်ငံတော်သမ္မတရုံးမှ အင်တာနက်လိုင်းပြန်ဖွင့်ပေးမည်ဆိုသည့် မြို့နယ်တစ်မြို့နယ်မှာ မည်သည်မြို့နယ် ဖြစ်သည်ကို မသိရသေးပေ။

Author: Admin