
(ယနေ့တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော ရခိုင်ဒီမိုကရေစီအချုပ် သတင်းစာရှင်းလင်းပွဲ အခမ်းအနား။ ဓါတ်ပုံ - ကောင်းကောင်း/DMG)
ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ။ ။ တတိယအကြိမ်မြောက် ပြန်လည်ဖွဲ့စည်းလိုက်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ နိုင်ငံရေးရပ်တည်ချက်၊ မူဝါဒများနှင့် ရှေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ပြည်သူတစ်ရပ်လုံးသိရှိစေရန် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ဇူလိုင်လ ၂၅ ရက် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ပါတီဖြစ်မြောက်ရေးကော်မတီဝင် ဦးမျိုးကျော်က " ၁၉၈၈ ထောင်တုန်းကတော့ ကျွန်တော်တို့ UNA တတိယအကြိမ်မြောက် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု တိုင်းရင်းသားမဟာမိတ်မှာ မဟာမိတ်အနေနဲ့ ကျွန်တော်တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၂ နောက်ပိုင်း ကျွန်တော်တို့ ပါတီပြန်လည်ထူထောင်တဲ့ အခါမှာ ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားပါတီဖြစ်တဲ့ SNLD တို့၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ဇိုမီးနဲ့ ကျွန်တော်တို့ ညှိနေကြပါတယ်။ ညှိတဲ့အခါမှာ ကျွန်တော်တို့ရဲ့ မဟာမိတ်အနေနဲ့ UNA ကို ဆက်လက် ရပ်တည်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီနေ့အချိန် ကျွန်တော်တို့ရဲ့ မဟာမိတ်ဟာ UNA အဖွဲ့ပဲရှိပါတယ်။ " ဟု အခမ်းအနားတွင် ရှင်းပြသည်။
၉၀ ရွေးကောက်ပွဲတွင် အနိုင်ရထားခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မပြိုင်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အန်အယ်လ်ဒီ ကြားဖြတ်ရွေးကောက်ပွဲဝင်သည့် ၂၀၁၂ ခုနစ်မှသာ ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ပူးပေါင်းခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP) ကို တည်ထောင်ခဲ့ကြသည်။
"မည်သည့်အခါမှ တခြားပါတီတွေရဲ့လက်အောက်ခံမရှိခဲ့ပါဘူး။ တချို့တချို့က ကျွန်တော်တို့ကို ရခိုင်ပြည်မှာ NLD ရဲ့ နောက်လိုက်ဆိုပြီးတော့ စွပ်စွဲတာတွေရှိပါတယ်။ ဒါကလည်း ကျွန်တော်တို့က အာဏာရှင်စနစ်ကို တွန်းလှန်ဖို့၊စစ်အစိုးရကို တွန်းလှန်ဖို့ဆိုတဲ့အခါမှာ အဲဒီတုန်းကရှိနေတဲ့ ဒီမိုကရက်တိုက်အုပ်စုချင်း ကျွန်တော်တို့ ပူးပေါင်းလက်တွဲခဲ့တာပါ။" ဟု ဦးမျိုးကျော်က ဆက်ပြောသည်။
(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ကော်မတီအစည်းအဝေး) ကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ ၂၀၁၇ မတ်လ ၂၇ ရက်က ၂၈ ရက်နေ့ထိ ၂ ရက်တာပြုလုပ်ခဲ့ကြပြီး အဲဒီအစည်းအဝေမှာ ပါတီတည်ထောင်လိုသူ (၂၀) ဦးထဲမှ ပထမခေါင်းဆောင် ဦးကျော်မြင့်၊ ဒုတိယခေါင်းဆောင် ဦးအောင်စိုးနှင့် ဦးမျိုးကျော်၊ ဦးဦးလှမြင့်၊ ဦးသာသာမောင်တို့ ၅ ဦးကို ဦးဆောင်ကော်မတီဝင် တာဝန်ပေးရန်ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးကျော်မြင့်က " အကျိုးစီးပွားအပေါ် မူတည်းပြီးတော့ အားလုံးသူလည်းသိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ဒီဖက်မှာလူတွေလည်း ပြောကြပါတယ်။ နိုင်ငံမှာ အစိုးရ ၂ ခုဖြစ်နေတယ်ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က ဒီမိုကရေဒီအင်အားစုတွေနဲ့ ပေါင်းပြီးတော့ လိုတာပါလုပ်ပါမယ်။ " ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အလံနှင့်တံဆိပ်များကို ကန့်ကွက်လိုလျှင် ကန့်ကွက်နိုင်ကြောင်း မေလ ၂၃ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ကြေညာခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီက သူ့ပါတီ၏ အလံ၊ တံဆိပ်များနှင့် ဆင်တူယိုးမှားဖြစ်သည်ဆိုပြီး ကန့်ကွက်မှုတွေရှိခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း စိစစ်ဆောင်ရွက် အတည်ပြုသတ်မှတ်ခဲ့ကြောင်း သိရသည်။
ဦးကျော်မြင့်က " စစ်တပ်ဟာလည်း ကျွန်တော်တို့ နိုင်ငံမှာ အရေးကြီးတဲ့အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ညှိနှိုင်းပြီးတော့ ကိစ္စတစ်ခုကို ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် တကယ့်လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်ဟာလည်း အရေးကြီးတဲ့ အဖွဲ့အစည်းဆိုတော့ အားလုံးသူနဲ့ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ပါတီအတွက် လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါ။ " ဟု ပြောသည်။
အခုလက်ရှိမှာတော့ ရခိုင်အမျိုးသားပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေမှာ ပါတီကနေ နှုတ်ထွက်ကြောင်း စာပို့ထားတဲ့အတွက် ရခိုင်အမျိုးသားပါတီ (ANP) မှာ ALD ၏ လူဟောင်းဆိုလို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်တယောက်ပဲ ကျန်ရှိပြီဖြစ်သည်။
တတိယအကြိမ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာချက် (၁၈/၂၀၁၇)အရ နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၁၀၃)အဖြစ် ဇူလိုင်လ ၁၈ ရက်နေ့က အတည်ပြုသတ်မှတ်ကြောင့် ထုတ်ပြန်ထာားသည်။ ပါတီဗဟိုဌာနချုပ်ကိုတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အမှတ် (၅၀၉) ငြိမ်းချမ်းရေးလမ်း၊ မြို့သစ်ရပ်ကွက်မှာ ဖွင့်လှစ်ထားကြောင်း သိရသည်။