အောင်ကောင်းဇော် | DMG
ဇန်နဝါရီ ၈ ၊ သံတွဲ
 
ငပလီမြို့က နာမည်ရှိဟိုတယ်တစ်ခုဖြစ်သည့် Amazing ဟိုတယ်တွင် လာရောက်တည်းခိုနေသူတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ၍ ယင်းဟိုတယ်ကို လောဒေါင်းချထားကြောင်း သိရသည်။
 
ပိုးတွေ့လူနာမှာ ရန်ကုန်မှ ငပလီမြို့သို့ လာရောက်တည်းခိုနေသူဖြစ်ပြီး မနေ့က (ဇန်နဝါရီ ၇) လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်သွားရန် စစ်ဆေးစဉ် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ငပလီမြို့ဒေသခံ ဦးသောင်းထွန်းက ပြောသည်။
 
“သူက ရန်ကုန်ကလာပြီး ဒီဟိုတယ်မှာ လာတည်းနေတာ။ သုံးလေးရက်လောက်ကြာပြီလို့ သိရတယ်။ အဲဒါ မနေ့က ငပလီကနေပြီး လေကြောင်းလိုင်းနှင့် ပြန်လိုက်ဖို့အတွက် ပိုးစစ်တဲ့အခါ သူ့ကို ပိုးတွေ့တယ်ပေါ့၊ ရန်ကုန်ကလာလို့ စစ်တဲ့အခါ ပိုးမတွေ့ဘူးလို့ သိရတယ်။ ဒီမှာနေပြီးတော့မှ တွေ့တာဖြစ်တယ်” ဟု သူကပြောသည်။
 
လက်ရှိတွင် သံတွဲမြို့နယ်အတွင်းက ဟိုတယ်များမှာ ဖွင့်လှစ်လျှက်ရှိနေ၍ ပြည်သူများအနေဖြင့် COVID-19 ပိုးနှင့် အတူတကွ နေထိုင်နေရသည့်အတွက် သတိပြုကာ အသွားအလာဆင်ခြင်သင့်ပြီး ကျန်းမာရေးနှင့် ညီညွှတ်အောင် နေထိုင်ဖို့လိုအပ်ကြောင်း ဦးသောင်းထွန်းက တိုက်တွန်းထားသည်။
 
ကိုဗစ်ပိုးတွေ့သည်ဆိုသည်မှာ ဟုတ်မှန်သော်လည်း ခရီးသွားရာဇဝင်နှင့် ပတ်သက်ပြီး စိစစ်လျက်သာ ရှိနေကြောင်း၊ အဆိုပါဟိုတယ်ကို လော့ဒေါင်းချထားခြင်းမှာ ဟုတ်မှန်ကြောင်း သံတွဲ အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်က အတည်ပြုပြောသည်။
 
ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစပ်ခံရသူ ၁၂၈၇၇၂ ဦးနှင့် သေဆုံးသူ ၂၇၉၉ တို့ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ကူးစက်လူနာ ၄၀၆၅ ထိရှိပြီး သေဆုံးသူ ၃၆ ဦးထိရှိကြောင်း သိရသည်။
 
တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမှာ မျိုးကွဲသစ် (SARS-CoV-2) ဗိုင်းရပ်စ်အဖြစ် ပြန်ပြန့်ပွားနေပြီး ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံ (၃၃) ခုမှာ ကူးစက်မှု ပြန့်ပွားနေကြောင်း ကျန်းမာရေ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Author: Admin