ဓာတ်ပုံ - ကိုမျိုးလွင် (အမ်း)

အောင်ကောင်းဇော်၊ မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၁၂ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ရှိ အမှတ်(၂) စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေပြတ်လပ်မှုများ ရှိနေ၍ နိုဝင်ဘာလ ၁၁ ရက်နေ့ညနေပိုင်းတွင် စစ်ဘေးရှောင် ၁၅၀ ခန့်က ရေရရှိရေးအတွက် တောင်းဆိုခဲ့ကြသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ဦးရေတစ်ထောင်ကျော် အသုံးပြုနေသော ရေကန်ကို ခြံစည်းရိုး ကာရံလိုက်သဖြင့် ရေပြတ်လပ်မှုနှင့်ကြုံနေရသည်မှာ ၄ ရက်မျှ ကြာမြင့်လာပြီဖြစ်သည့်အတွက် ယခုကဲ့သို့ တောင်းဆိုကြခြင်းဖြစ်ကြောင်း ၎င်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရေကန်ကို ပိုင်ရှင်ကခြံစည်းရိုးခတ်လိုက်တော့ ရေခပ်စရာနေရာမရှိဘဲ ရေအခက်အခဲဖြစ်‌ကြတယ်။ တိုက်တိုက် ဆိုင်ဆိုင်စည်ပင်က ရေပေးနေတာမှာလည်း မော်တာပျက်သွားလို့ ရေမပေးနိုင်ဖြစ်လာတယ်” ဟု စခန်းတာဝန် ရှိသူ ဦးဘုန်းကျော်က ရှင်းပြသည်။

လက်ရှိမှာ စည်ပင်မှ ရေများကို ပြန်လည်ပေးဝေနေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းအတွင်း ရေအဆင်ပြေစေရန်အတွက် စခန်းအတွင်းနေထိုင်သူများကို ကော်မတီ ဖွဲ့ပြီး ရေကန်တူးဖော်ရန် ပြင်ဆင်နေသော်လည်း လတ်တလောတွင် ငွေကြေးအခက်အခဲရှိနေ၍ မလုပ်ဆောင် နိုင်ကြသေးကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

အလားတူ စစ်ဘေးရှောင်ဦးရေ ၈၀၀ ကျော်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ဘေးရှောင်စခန်း တွင်လည်း ယခင်က သောက်သုံးရေရရှိနေသည့် ရေဖြူကန်ကျေးရွာမှရေကန်အား ခြံစည်းရိုးကာရံလိုက် ခြင်းကြောင့် လက်ရှိမှာ ရေအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးချေက ပြောသည်။

“ရေခပ်ခွင့် ပိတ်လိုက်တာဟာ ဗြုန်းစိုင်းကြီးဆိုတော့ တကယ့်ကို အခက်အခဲနဲ့ကြုံလိုက်ရတယ်။ ရေခပ်ခွင့် ပိတ်မယ်ဆိုတာကိုလည်း ကျနော်တို့ကို ဘာမှမပြောဘူး။ တကယ်လို့သာ ကြိုတင်ပြောထားမယ်ဆိုရင် တခုခု ပြင်ဆင်ထားလို့ ရတာပေါ့နော်။ သူတို့မှာလည်း ကျေးရွာတစ်ခုတည်းအတွက် လုံလောက်မယ်ဆိုပြီး အထက်ကို တင်ပြထားတာလည်းရှိတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါရေကန်မှ သောက်သုံးရေခပ်ခွင့်ကို ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကတစ်ကြိမ် ပိတ်ပင်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးဌာနများမှ ပူးပေါင်းဖြေရှင်းသည့်အတွက် ရေခပ်ခွင့်ရရှိခဲ့ပြီး ယခုဒုတိယအကြိမ် ရေခပ်ခွင့် ပြန်ပိတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းနှင့် ပေ ၃ ထောင်ခန့်ကွာဝေးသည့် ရေပေါက်ချောင်းကျေးရွာရေကန်မှ ခပ်ယူ သုံးစွဲနေရကြောင်း ယင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဒေါ်အဝင်းချေကဆိုသည်။

“လယ်ကွင်းပြင်ကနေပြီး ဖြတ်သွားရတယ်။ မြေလည်းမခြောက်သွေ့သေးတော့ သွားရတာလည်း အခက်အခဲ ဖြစ်တယ်ပေါ့နော်။ နေပူကြဲကြဲမှာသွားရတော့ ဖျားတာနာတာဖြစ်မှာကိုလည်းစိုးရိမ်တယ်” ဟု ၄င်းကဆိုသည်။

ရေဖြူကန်ကျေးရွာတွင် ရေကန် ၂ ကန်ရှိပြီး လူဦးရေ ၉၀၀ ကျော်ရှိကာ စစ်ဘေးရှောင်များပါ ယင်းရေကန်မှ ခပ်ယူသုံးစွဲပါက တစ်လခန့်အကြာတွင် ရေအခက်အခဲပြဿနာနှင့် ရင်ဆိုင်လာရနိုင်သည်ဟု ရေဖြူကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘစံက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်အထိ ရှိလာနေပြီး အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံ့တွေ့နေကြရသည်။

Author: DMG