ခိုင်မင်း(ကျောက်ဖြူ) | DMG
နိုဝင်ဘာ ၁၇ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးထားသူနှစ်ဦးအား မိသားစုဝင်များ တွေ့ခွင့်မရသဖြင့် စိုးရိမ်ပူပန်နေကြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က အမ်းမြို့နယ် သလူမော်ကျေးရွာမှ တပ်တောင်မြို့သို့ အလုပ်သွားလုပ်သည့် ဦးသိန်းကျော်ထွန်း(ခ) မောင်ကြီးနှင့် ဦးဦးသန်းတို့ နှစ်ဦးအား ရေပုတ်ရွာအရောက်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

“စစ်ကြောင်းက အဲဒီရေပုတ်ရွာလမ်းဘေးမှာရှိတဲ့ ဘုရားကြီးတောင်ပေါ်မှာစခန်းချနေတယ်၊ လာတဲ့ဆိုင်ကယ်တွေကို သူတို့ကတားပြီးတော့ စစ်ဆေးတယ်၊ စစ်ဆေးလို့မသင်္ကာတဲ့လူတွေကို ဖမ်းထားတယ်၊ အဲဒါအခု အချိန်ထိ သေသလား၊ အရှင်ရှိလားဆိုတာလည်းမသိရဘူး” ဟု သလူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက DMG ကို ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးနှင့်တွေ့ဆုံရန် မိသားစုဝင်များက တပ်မတော်စစ်ကြောင်းရှိရာသို့ သွားရောက်ခဲ့ရာတွင် တပ်က ပေးမဝင်သဖြင့် လှည့်ပြန်ခဲ့ရကြောင်း သိရသည်။

“ကျနော်တို့က သိန်းကျော်ထွန်းနဲ့ ဦးသန်းကို စစ်တပ်က ဖမ်းထားလို့ဆိုပြီး လိုက်သွားကြတဲ့အခါ အဲဒီစစ်တပ်နားကို ဘယ်သူမှမလာရဘူးဆိုပြီးပြောလို့ လမ်းကပြန်လှည့်လာရတယ်” ဟု ဦးခင်မောင်ဝင်းက ပြောပြသည်။

၎င်းတို့နှစ်ဦးအား ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG ကို မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ထို့ပြင် ၎င်းကိစ္စအား အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကို ဆက်သွယ်မေးမြန်းခဲ့ရာ တပ်မတော်က လုံခြုံရေးအရဖမ်းဆီးသည့်ကိစ္စများအား မြို့နယ်ထွေ/အုပ်သို့ အကြောင်းကြားခြင်းမရှိသဖြင့် မသိရှိရကြောင်း ပြောဆိုသည်။

လက်ရှိမှာ ဖမ်းဆီးခံထားရသည့် ဦးသိန်းကျော်ထွန်းနှင့် (ဦး)ဦးသန်းတို့နှင့် တွေ့ဆုံခွင့်မရရှိသဖြင့် မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြကာ အိမ်ထောင်ဦးစီးများဖမ်းဆီးခံထားရမှုကြောင့် မိသားစုစားဝတ်နေရေးကို ထိခိုက်နေကြောင်းလည်း ၎င်းတို့၏မိသားစုဝင်များက ပြောဆိုကြသည်။

Author: Admin