တပ်က ဖမ်းဆီးခဲ့သူနောက်တစ်ဦး ဒဏ်ရာများဖြင့် အမ်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးခဲ့သူတစ်ဦး ဒဏ်ရာများဖြင့် အမ်းဆေးရုံတွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့၌ ဆေးကုသမှုခံယူခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

By ခိုင်ရိုးလ 21 Nov 2019

ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာတွင် တပ်မတော်မှ အမ်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သဖြင့် မိသားစုဝင်များက ရဲစခန်းတွင် သွားရောက်တွေ့ဆုံခွင့်ရခဲ့သည်။ (ဓာတ်ပုံ - ကိုမျိုးလွင်)

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၁၊ အမ်း

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးခဲ့သူတစ်ဦး ဒဏ်ရာများဖြင့် အမ်းဆေးရုံတွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့၌ ဆေးကုသမှုခံယူခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ဆေးကုသမှုခံယူခဲ့ရသူမှာ မြေပုံမြို့နယ် မြဒေးတောင်ကျေးရွာမှ ဦးလှထွန်းချေ(ခ) ငလုံး၊ ၃၂ နှစ်ဖြစ်ပြီး တစ်ရွာတည်းနေ ဦးစံရွှေသန်း၊ အမ်းမြို့နယ် ရူးစံပြကျေးရွာမှ ဦးထွန်းသိန်းဝင်းတို့နှင့်အတူ အမ်းမြို့နယ် ရေဘုတ်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၎င်းတို့ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တပ်မတော်မှ အမ်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သဖြင့် မိသားစုဝင်များက ရဲစခန်းတွင် သွားရောက်တွေ့ဆုံခွင့်ရခဲ့သည်။

ဖမ်းဆီးခံထားရသည့် ဦးလှထွန်းချေမှာ ရိုက်နှက်ခံထားရမှုကြောင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများရရှိထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ဇနီးဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။

“စစ်ဆေးမေးမြန်းတဲ့အခါ ရိုက်ပုတ်နှိပ်စက်မှုတွေကြောင့် လက်တွေ၊ ခြေထောက်တွေမှာ အများကြီး ဒဏ်ရာရထားတယ်။ မျက်နှာတွေမှာလည်းတွေ့ရတယ်။ ကျောက်တုံးတွေ၊ သေနတ်ဘောင်တွေနဲ့ ရိုက်ထုတဲ့အတွက် ဒဏ်ရာရသွားတာ။ ညာဘက်လက်မှာဆိုရင် ပုတ်ပွနေတယ်။ ဒဏ်ရာက အရမ်းစိုးရိမ်ရတယ် ” ဟု ဒေါ်အေးအေးသန်းက DMG ကို ပြောသည်။

ယင်းသို့ ဦးလှထွန်းချေအား စစ်ကြောရေးအတွင်းရိုက်ပုတ်နှိပ်စက်ခဲ့ကြောင်း ပြောဆိုချက်အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းကိစ္စကို သူ့အနေဖြင့် မသိသေးကြောင်း တုန့်ပြန်သည်။

ထို့အတူ ကျောက်တော်မြို့နယ်တွင်လည်း တပ်မတော်က ဖမ်းဆီးပြီး ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သူ ၄ ဦးတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များမှာပြောဆိုထားကာ ဖမ်းဆီးခံထားရသူထဲမှ တစ်ဦးမှာ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဒဏ်ရာများဖြင့် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က မြေပုံမြို့နယ်၊ ရွာသာယာ(ယောချောင်း)ကျေးရွာသား ၅ ဦး၊ မြဒေးတောင် ကျေးရွာသား ၂ ဦးနှင့် အမ်းမြို့နယ် သလူမော်ကျေးရွာသား ၂ ဦး၊ ရူးစံပြကျေးရွာသား ၁ ဦး၊ စုစုပေါင်း ၁၀ ဦး တို့ကို တပ်မတော်က အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

၎င်းတို့နှင့်ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူးအေးမင်းကို DMG ကဆက်သွယ်ခဲ့ရာ သူ့တပည့်ဆိုသူတစ်ဦးက “ကျနော် အဲဒီအကြောင်းတွေကို မသိဘူးခင်ဗျာ။ ဆရာက စာရိုက်နေလို့ မအားလို့ပါ” ဟု ပြောဆိုခဲ့သည်။

ယင်းသို့ ဖမ်းဆီးထားသူများကို တပ်မတော်က အမှုဖွင့်လှစ်ထားကြောင်း သိရသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်ကို မသိရသေးကြောင်း ဦးလှထွန်းချေ၏ ဇနီးဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။

၎င်းကိစ္စအား အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကို ဆက်သွယ်ခဲ့သော်လည်း ၎င်းမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ယင်းကိစ္စကိုမသိကြောင်း ဆိုသည်။

ယခုရဲစခန်းတွင်ရောက်ရှိနေသူ ၁၀ ဦးထဲတွင် ပါဝင်သည့် မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ဦးမောင်သန်းမြင့်၏ မိသားစုက မိသားစုစားဝတ်နေရေးအခြေအနေကြောင့် သွားရောက်တွေ့ဆုံခွင့်မရသေးကြောင်း ဇနီးဖြစ်သူ ဒေါ်မခိုင်ချေက ပြောသည်။

“ကျမယောကျ်ားက အမ်းမှာရောက်နေပြီလို့ သတင်းကြားထားတယ်။ ကျမကိုယ်တိုင်တော့ သွားမတွေ့ရသေးဘူး။ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ ငွေကြေးအခြေအနေကြောင့် သွားမတွေ့ရသေးဘူး” ဟု ၎င်းက ဆိုသည်။

ဒေါ်မခိုင်ချေမှာ လက်ရှိတွင် မြေပုံမြို့နယ် ရက်ချောင်းကျေးရွာတွင် စစ်ဘေးခိုလှုံနေသူဖြစ်ပြီး ၎င်း၏ ယောက်ျားမှာ ဝါးခုတ်သည့် အလုပ်ကိုလုပ်ကိုင်နေသူဖြစ်ကာ ယခုအခါ ယောကျ်ားဖြစ်သူဖမ်းဆီးခံထားရသဖြင့် မိသားစုစားဝတ်နေရေး အခက်တွေ့နေရကြောင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်ပြီး တပ်မတော်၏ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် စစ်ကြောရေးကာလအတွင်း သေဆုံးသူ ၁၅ ဦးအထိရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

Related Post : သရက်တပင်ကျေးရွာမှ ဖမ်းဆီးခံရသူ(၄)ဦး ရိုက်နှက်ခံထားရဟု မိသားစုပြော