ဖဒူ ထွန်းအောင် / DMG

နိုဝင်ဘာ ၇ ၊ စစ်တွေ

ရခိုင်အမျိုးသားပါတီ(ANP) နှင့် ဦးအေးသာအောင်တို့၏ ဆက်ဆံရေးအခြေအနေ ကင်းကွာနေသောကြောင့် သူ့အားပေးထားသည့် လုပ်ငန်းတာဝန်ကို ရပ်ဆိုင်းလိုက်ပြီဟု ပါတီ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက DMG ကို ပြောသည်။

ဦးအေးသာအောင်သည် ယခင်က ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီတာဝန် ထမ်းဆောင်နေသူဖြစ်သည်။ ယင်းကြောင့် တိုင်းရင်းသားများဆက်ဆံရေးတာဝန်ကို ပေးအပ်ထားခြင်းဖြစ်သည်။ သို့သော် ပါတီနှင့် ကင်းကွားနေသောကြောင့် “တိုင်းရင်းသားများဆက်ဆံရေးတာဝန်”ကို ရပ်ဆိုင်းလိုက်သည်ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။

“ သူက ပါတီနဲ့ နည်းနည်းကင်းကွာနေတယ်။ အဲဒါကြောင့် လောလောဆယ်တော့ ရပ်ဆိုင်းထားပါတယ်”ဟု ၎င်းကပြောသည်။

ဦးအေးသာအောင်သည် ပါတီနှင့်ကင်းကွာနေသည့်အပြင် ပါတီအတွက် ရန်ပုံငွေထည့်ဝင်ခြင်းမရှိပေ။ သို့သော် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်လိမ့်မည် မဟုတ်ဟု ANP က ဆိုသည်။

“ဦးအေးသာအောင်ဟာ ပါတီနဲ့ပတ်သက်ပြီး အကြံပေးဆွေးနွေးတာလည်း မရှိဘူး။ သူနဲ့ကင်းကွာနေတာက တစ်နှစ်ကျော် နှစ်နှစ်လောက်ရှိနေပြီ ” ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ဦးအေးသာအောင်သည် ရခိုင်အမျိုးသားပါတီနှင့် ကင်းကွာနေသော်လည်း အသစ်တစ်ဖန် ပြန်လည်ထူထောင်လာသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကို အကြံပေးမှုများ ရှိနေသည်။

“ သူက မူလက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလေ။ နှစ်ပေါင်းများစွာလည်း အတူတွဲလုပ်လာခဲ့တာ။ ဒါကြောင့် ဘယ်လို ကိစ္စ ကြီးငယ်မဆိုကိုတော့ တိုင်ပင်ကြတာ။ အကြံပေးတာတွေတော့ ရှိတယ် ” ဟု ALD အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

ဦးအေးသာအောင် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီနှင့် ဒေါက်တာအေးမောင် ဦးအောင်သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီကို တည်ထောင်လိုက်ကြသည်။ သို့သော် ၂၀၁၅ ခု ရွေးကောက်ပွဲအလွန်တွင် ပါတီတွင်း ပြဿနာများ ပေါ်ပေါက်လာသောကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအခြမ်းက ထိပ်ပိုင်းခေါင်းဆောင် (၆) ဦးကို ထုတ်ပယ်လိုက်သည်။

ယင်းနောက်ပိုင်းတွင် ALD အခြမ်းဘက်က ပါတီဝင်များ ရခိုင်အမျိုးသားပါတီက ထွက်ခွာကာ မူလ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည် ထူထောင်လာခြင်းဖြစ်သည်။ 

လက်ရှိတွင် ရခိုင်အမျိုးသားပါတီထိပ်ပိုင်းတွင်  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအခြမ်းဘက်က ဦးအေးသာအောင် တစ်ယောက်သာကျန်တော့သည်ဟု ဦးမျိုးကျော်က ဆိုသည်။ သို့သော် ဦးခိုင်ပြည်စိုးကမူ ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းထဲတွင် ALD ဘက်အခြမ်းက (၁၀) ဦးခန့်ကျန်ရှိနေသေးသည်ဟု တုန့်ပြန်သည်။

ဦးအေးသာအောင်အနေဖြင့် ANP ပါတီနှင့် ကင်းကွာနေသော်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပြန်လာလိမ့်မည်ဟု မျှော်လင့်ချက် မထားကြတော့ပေ။

“ဒီဟာကိုတော့ မျှော်လင့်လို့ကို မရတော့တာ။ ဘာဖြစ်လို့လည်းဆိုရင် သူ့အနေနဲ့ ဟိုဘက်မှာ နှုတ်ထွက်တဲ့အခါ မပါခဲ့ဘူး။ ANP မှာကျန်ခဲ့တယ်ဆိုတဲ့သဘောပေါ့ ”ဟု ဦးမျိုးကျော်က ဆိုသည်။