တပ်မတော်မှ ဖမ်းဆီးစစ်ဆေးမှုကို ခံရပြီးနောက် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည့် ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းကို မြောက်ဦးသုသာန်၌ ယနေ့ သင်္ဂြိုလ်လိုက်သည်။
တပ်မတော်မှ ဖမ်းဆီးစစ်ဆေးမှုကို ခံရပြီးနောက် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည့် ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းကို မြောက်ဦးသုသာန်၌ ယနေ့ သင်္ဂြိုလ်လိုက်သည်။

ခိုင်ရိုးလ | DMG

ဇူလိုင် ၃၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲစစ်ပွားနေသည့် ဒေသများမှ ပြည်သူများအား သံသယဖြင့် ဖမ်းဆီးနှိပ်စက် စစ်ဆေးမှုများကြောင့် အရပ်သားသေဆုံးမှုများမှာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်များ အားရပ်တန့်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို အရေးယူအပြစ်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က ဇူလိုင် ၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုချက်ကို ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီနှင့် ဗဟိုအမှုဆောင်ကော်မတီ အစည်းဝေးဆွေးနွေးမှုအရ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တပ်မတော်တို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှုကို အလေးနက်ထားရန် အချက် ၄ ချက်ပါသော ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် တပ်မတော်မှ ဒေသခံများကို သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေပြီး စစ်ကြောရေးကာလအတွင်း ဒဏ်ရာများကြောင့် ဆေးရုံတွင် သေဆုံးမှုများရှိနေသည်ကို ဥပဒေအရကာကွယ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

“ မြန်မာနိုင်ငံဟာ တည်ဆဲဥပဒေတွေကို ပြဋ္ဌာန်းတဲ့နိုင်ငံပါ။ အဲဒါကြောင့် မယုံသင်္ကာတိုင်း လူတစ်ဦးကို ကြက်ကလေး၊ ငှက်ကလေးလို သတ်လို့မရပါ။ ဒါကြောင့် လုံလောက်တဲ့ ဥပဒေအကာကွယ် လူတိုင်းမှာ ရှိရပါမယ်။ ဒါကြောင့် ဥပဒေဘောင်ကို ကျော်လွန်ပြီး လုပ်တဲ့သူတွေကို အရေးယူဖို့ ANP က တောင်းဆိုတာဖြစ်ပါတယ် ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ယင်းအပြင် မြောက်ဦးမြို့နယ်မှ ကိုဇော်ဝင်းလှိုင် သေဆုံးမှုကဲ့သို့ ကိစ္စများ နောက်နောင် ဆက်မဖြစ်စေလိုကြောင်းနှင့် ယခုအချိန်တွင် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ရဲဝံ့ပြတ်သွားစွာပြောဆိုရန် တာဝန်ရှိသည့်အတွက် ကြေငြာချက်ထုတ်ပြန်ရခြင်းဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

“ ဥပဒေနဲ့ အညီမဟုတ်ဘဲ လူတိုင်းကို မယုံသင်္ကာတိုင်း လုပ်ချင်သလိုလုပ်ပြီး သေချင်သလို သေရမယ်ဆိုရင် ဒါက အဓိပ္ပာယ်မဲ့တယ်။ အဲဒါကို ရခိုင်အမျိုးသားပါတီက လက်မခံနိုင်တဲ့အတွက် ဒီကြေငြာချက်ကို ထုတ်ရတာဖြစ်ပါတယ် ” ဟု ၄င်းကဆိုသည်။

ကြေငြာချက်ထဲတွင် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချူပ်အား ချန်လှပ်ထားခြင်းကို ပြင်ဆင်ရန်၊  စစ်ဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာနေရသော စစ်ဘေးဒုက္ခသည်တို့အား နိုင်ငံတော်အစိုးရအနေဖြင့် လုံလောက်သော အကူညီပေးရန်၊ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသူတို့အတွက် ဥပဒေအရ အရေးယူပေးရန်နှင့် စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် စသည်တို့ ပါဝင်သည်။

 

Author: Admin