
မျိုးမြင့်ဇော် | DMG
ဒီဇင်ဘာ ၇ ၊ သံတွဲ
COVID-19 ကာလတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီမြို့ကမ်းခြေကို ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုမရှိသည့်အတွက် အမှတ်တရပစ္စည်းရောင်းချနေသည့် ဈေးသည်များ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
ယခင်ကိုဗစ်မဖြစ်မီက ငပလီကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ် ခဲ့သော်လည်း လက်ရှိ ကိုဗစ်ကာလတွင် ခရီးသွားဧည့်သည် လာရောက်မှုမရှိသည့်အတွက် ရောင်းချမှု အပိုင်းတွင် အခက်အခဲဖြစ်ပေါ်နေရသည်ဟု ခရု၊ပတီးအလှဆင်ပစ္စည်းများ ရောင်းချနေသည့် ဒေါ်ခင်ဌေးရီက ဆိုသည်။
“မတ်လအတွင်းကတော့ နည်းနည်းလောက်ရောင်းနေရသေးတယ်။ အဲနောက်ပိုင်းကနေ အခုအချိန်ထိ အရောင်း အဝယ်က လုံးဝရပ်သွားတဲ့အတွက် ခရုလုပ်ငန်းနဲ့ပတ်သက်ပြီး ဘာမှမလုပ်ရတော့ဘူး။ အကုန်လုံးရပ်သွားတဲ့ အတွက် စားဝတ်နေရေးက အရင်လောက်အဆင်မပြေတော့ဘူး” ဟု ၎င်းကပြောသည်။
ယင်းသို့ အမှတ်တရပစ္စည်းရောင်းချသည့်လုပ်ငန်းများ ရပ်နားသွားခြင်းကြောင့် အဆိုပါလုပ်ငန်းရှင်များထံမှ တစ်ဆင့်ခံဝယ်ယူရောင်းချနေသူများမှာလည်း အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်နေကြရကြောင်းလည်း ဒေသခံများထံမှသိရသည်။
ငပလီကမ်းခြေတွင် အမှတ်တရပစ္စည်းများရောင်းချသူ မကေသီမိုးက “ဆုံးရှုံးနစ်နာတာက အလုပ်မရှိတော့ ဝင်ငွေမရှိတော့ဘူး။ အခုက အလုပ်လည်းမရှိတော့ ယောင်္ကျားရှာတဲ့ပိုက်ဆံနဲ့ပဲ လောက်အောင်သုံးစွဲနေရတယ်” ဟု ပြောသည်။
ငပလီမြို့မှ ဒေသခံအများစုသည် ခရု၊ပတီး စသည့်အလှဆင်ပစ္စည်းများကို အမှတ်တရအဖြစ် ပြည်တွင်း၊ပြည်ပ ခရီးသွားများကိုရောင်းချကာ စားဝတ်နေရေးအတွက် ရပ်တည်နေကြခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ငပလီကမ်းခြေသို့ ပြည်တွင်း၊ပြည်ပခရီးသည်များလာရောက်ခြင်းမရှိသော်လည်း ယင်းကမ်းခြေတွင် အမှတ်တရပစ္စည်းများ ရောင်းချနေသူ အချို့ရှိနေသေးသည်။
“ဆိုင်ကို ဒီလိုဖွင့်ထားတယ်ဆိုတာကလည်း ရောင်းရလို့မဟုတ်ဘူး။ ဒါပေမယ့် ကိုဗစ်ကာလမှာ အန်တီတို့က ဆိုင်မှာမအိပ်ချင်ဘူး။ အဲတာနဲ့ အိမ်ပြန်အိပ်တယ်။ သူခိုးသူဝှက်တွေကလည်း ရှိတယ်ဆိုတော့ ဆိုင်လေးကို ဖွင့်ပြီးတော့ ထိုင်နေတဲ့သဘောမျိုးနဲ့ လုပ်နေရတာပါ” ဟု ဒေါ်သန်းသန်းမာက ဆိုသည်။
လက်ရှိ ငပလီကမ်းခြေတွင် ခရု၊ ပုတီးအမှတ်တရပစ္စည်းများရောင်းသည့် ဈေးဆိုင်အပါအဝင် ဆိုင်ခန်း ၄ ခုသာ ဖွင့်လှစ်ထားပြီး ကျန်သည့်ဆိုင်အားလုံးပိတ်ထားကြောင်း ငပလီမြို့ စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရခိုင်ပြည်နယ်သို့ လာရောက်သည့် ခရီးသွားအများစုမှာ သံတွဲ၊ စစ်တွေ၊ ကျောက်ဖြူနှင့် မြောက်ဦးတို့ကို အဓိက သွားရောက်လည်ပတ်လေ့ရှိကြသည်။
ယခုနှစ်တွင် ခရီးသွားရာသီရောက်ရှိလာသော်လည်း ငပလီကမ်းခြေသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ယခင်နှစ်ထက် ၁၀၀ ရာခိုင်နှုန်းခန့်လျော့ကျသွားခဲ့ကြောင်း သံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးက DMG ကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါထိန်းချုပ်ရေး အသွားအလာကန့်သတ်မှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ရခိုင်ပြည်နယ်ကို ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၁ သိန်း ၄ ထောင်ကျော်(၁၀၄,၇၆၄ ဦး)ရှိခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းမှ အောက်တိုဘာလအထိတွင်မူ ခရီးသွား ၇ သောင်းကျော် (၇၈,၉၀၀ ဦး) (ကွာရတိန်းဝင်ရောက်နေသူများပါဝင်) ဝင်ရောက်ခဲ့ကြောင်း အဆိုပါ စာရင်းများအရ သိရသည်။




