- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာ ဆရာတော်အပါအဝင် ၃ ဦးကို တပ်မတော်က ဖမ်းဆီးထား
အိုးထိန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒဦးကဝိဓဇ ၊ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ယာဉ်မောင်း ဦးမောင်သာစိန်တို့သည် စက်တင်ဘာလ ၂၀ ရက်နေ့က ကားဖြင့်အလှူပွဲသို့သွားစဉ် တပ်မတော် စစ်ကြောင်းတစ်ခုက လင်းမြွေတောင်အနီးတွင် ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
07 Oct 2019

ကျော်ချစ် | DMG
အောက်တိုဘာ ၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်အပါအဝင် ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးသည့်အထဲတွင် အေအေတပ်ဖွဲ့ဝင်တစ်ဦးပါဝင်သည်ဟုလည်း စက်တင်ဘာလ ၂၈ ရက် နေ့ကပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
“လင်းမြွေတောင်နားမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ဆိုင်ကယ်နှစ်စီးတွေ့တယ်။ ဆိုင်ကယ်နားမှာ မိုင်းနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေတွေ့တယ်။ မကြာခင်အတောအတွင်းမှာပဲ ဆရာတော်ရယ်၊
လူနှစ်ယောက်ရယ် ရောက်လာတယ်။ အဲဒီပစ္စည်းတွေကို လာကြည့်တာရှိတယ်။ အဲဒီနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးစစ်ဆေးတယ်။ ဖမ်းဆီးစစ်ဆေးတဲ့အထဲမှာ တစ်ဦးသည် အေအေတပ်ဖွဲ့ဝင်ဖြစ်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
အိုးထိန်းကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒဦးကဝိဓဇ ၊ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ယာဉ်မောင်း ဦးမောင်သာစိန်တို့သည် စက်တင်ဘာလ ၂၀ ရက်နေ့က ကားဖြင့်အလှူပွဲသို့သွားစဉ် တပ်မတော် စစ်ကြောင်းတစ်ခုက လင်းမြွေတောင်အနီးတွင် ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ယခုကဲ့သို့ဖမ်းဆီးပြီး ရက်ပေါင်း ၁၀ ကျော်ကြာသည့်တိုင်အောင် မည်သည့်နေရာတွင် စစ်ဆေးနေသည်ကို မသိရသေးသဖြင့် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။
“ဘုန်းကြီးမှာ ကိုယ့်သာသနာနဲ့ကိုယ်နေတာကို အပြစ်မရှိဘဲ အဲဒီလိုဖမ်းလို့ရမလား။ ဝါလည်းကျွတ်တော့မယ်။ အမြန်ဆုံးလွတ်စေချင်တယ်။ ကိုယ့်ကျောင်းမှာကိုယ် ရှိစေချင်တယ်” ဟု အိုးထိန်းကျေးရွာ ဆရာတော်၏ ညီမဖြစ်သူ မဆန်းနွယ်က ပြောသည်။
ယင်းသို့ ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်ပြီး မိသားစုဝင်များကိုယ်စား မြောက်ဦးမြို့ မြို့ဦးဂေါင်းဆရာတော်မှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဒေသကွပ်ကဲရေး ဌာနတို့ဆီ စာဖြင့်မေးမြန်းခဲ့ရာ ၎င်းဖမ်းဆီးထားသူများသည် စစ်တွေမြို့တွင် ကျန်းမာစွာရှိနေကာ မကြာမီတွင် တွေ့ရမည်ဟု ဝန်ကြီးချုပ်ဦးညီပုက အကြောင်းပြန်ခဲ့ကြောင်း မြို့ဦးဂေါင်းဆရာတော်မှ မိန့်သည်။
အိုးထိန်းကျေးရွာသားများ၏ ပြောကြားချက်အရ အိုးထိန်းကျေးရွာမှဆရာတော်တို့ ဖမ်းဆီးခံခဲ့ရသည့် လင်းမြွေတောင်အနီးတွင် အလောင်းတချို့ မြေမြုပ်ထားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
မည်သူ မည်ဝါမှန်းမသိသော အဆိုပါအလောင်းများကို တွေ့ရှိရသဖြင့် မိသားစုဝင်များမှာ စိုးရိမ်မှုပိုမိုဖြစ်ပွား ခဲ့ပြီး ဖမ်းဆီးခံထားသည့် ဆရာတော်နှင့် ကျေးရွာသားများကို အမြန်ဆုံးတွေ့ခွင့်ရလိုနေကြသည်။