Photo - facebook

အောင်ထိန် | DMG
သြဂုတ် ၂၇ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတွင် ယနေ့(သြဂုတ် ၂၇ ရက်) နံနက် ၁၀ နာရီ ကျော်က ကောက်စိုက်နေသည့်အမျိုးသမီးလေးဦး လက်နက်ကြီးကျည်ထိမှန်၍ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးလေးဦးသည် အပေါက်ဝကျေးရွာ၏တောင်ဘက် ရန်ကုန်-စစ်တွေကားလမ်းအနီးရှိ လယ်ကွင်းတွင် ကောက်စိုက်နေရာမှ ပစ်ခတ်သံများကြား၍ ကျေးရွာအတွင်းသို့ပြန်လာစဉ် ယင်းသို့ လက်နက်ကြီးကျည် ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“မနက်ပိုင်းမှာ လက်နက်ငယ်တွေက တောက်လျှောက်ပစ်တယ်။ အဲဒီအချိန် သူတို့က လယ်ကွင်းမှာ ကောက်စိုက် နေကြတာ။ ရွာထဲဝင်ပြေးကြတဲ့အချိန်မှာ လက်နက်ကြီးနဲ့ပစ်တဲ့အခါ ကျည်စထိပြီးဒဏ်ရာရသွားတာ” ဟု ၄င်းက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အပေါက်ဝကျေးရွာမှ ဒေါ်အေးသိန်းကျော့ (၃၀)နှစ်၊ ဒေါ်မကျော့စိန် (၃၈)နှစ်၊ ဒေါ်မဲကြည် (၅၄)နှစ်တို့မှာ (ရင်ဘက်၊ လက်ဖျံ၊ မျက်နှာ၊ လက်မောင်း)တို့တွင်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်မဘု(၄၀)နှစ်တွင် ဝမ်းဗိုက်၌ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ဒဏ်ရာရရှိသူလေးဦးအား ကျောက်တော်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းအထဲမှ ဒေါ်မဘုမှာ ဒဏ်ရာ ပြင်းထန် သည့်အတွက် စစ်တွေဆေးရုံသို့ပို့ဆောင်ရန်စီစဉ်နေစဉ် ယနေ့ နေ့လည်ပိုင်းတွင်သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“အဲဒီအမျိုးသမီးက ဒဏ်ရာပြင်းထန်ပြီး ဝမ်းဗိုက်တွေပေါက်သွားတယ်။ စစ်တွေဆေးရုံကို ပို့ဆောင်မယ်ဆိုပြီး သွေးသွင်းနေတုန်းမှာပဲ ဆုံးသွားခဲ့တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် သေဆုံးသူဒေါ်မဘု၏ ရုပ်အလောင်းကိုအပေါက်ဝကျေးရွာသို့ ယူဆောင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒဏ်ရာရှိသူများထဲမှ ဒေါ်အေးသိန်းကျော့နှင့် ဒေါ်မကျော့စိန်တို့နှစ်ဦးမှာ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကာ ဒေါ်မကြည်မှာ ဒဏ်ရာအခြေအနေမစိုးရိမ်ရသဖြင့် မိမိကျေးရွာသို့ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အပေါက်ဝကျေးရွာ၏ အရှေ့ဘက်ရွာအဆုံးတွင် နေထိုင်နေသည့်တပ်မတော်သားများသည် ယနေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက ရွာမှထွက်သွားစဉ် ရန်ကုန်-စစ်တွေကားလမ်းမပေါ်အရောက်တွင် မိနစ် ၂၀ ခန့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

လက်ရှိ Covid-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်တွင် တပ်မတော်စစ်ကြောင်းများသွားလာနေမှုသည် ဒေသခံ ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်စေကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်တွင်လည်း ကျောက်တော်မြို့၊ ရှင်းရွာရပ်ကွက်က အသက် ၃၀ အရွယ် ကိုမောင်နိုင်ဝင်းမှာ အစ်မဖြစ်သူနေအိမ်မှပြန်လာစဉ် တပ်မတော်သားများမှ ပစ်ခတ်၍ သေဆုံးသွား ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်လှည့်ကင်းလှုပ်ရှားစစ်ကြောင်းမှ ကျောက်တော်-ဝါးကင်းကျေးရွာသွားလမ်းပေါ်၌ မသင်္ကာဖွယ် လူနှစ်ဦးမှာ စစ်ဆေးရန်ခေါ်ယူစဉ်ထွက်ပြေးသဖြင့်ပစ်ခတ်ခဲ့ရာမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးအား လက်ကိုင်စကားပြောစက်တစ်လုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၇ ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၈၄ ဦးထိရှိပြီး ယင်းအထဲတွင် ကျောက်တော်မြို့နယ်အတွင်းမှ ၆ ဦးပါဝင်သည်။

Author: Admin