- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
တပ်မတော်မှ ဖမ်းဆီးထားသည့် ကျောက်တော်ဒေသခံ (၅)ဦးအနက် (၂)ဦးလွတ်မြောက်လာ
တပ်မတော်မှဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာသား ငါးဦးအနက် နှစ်ဦးမှာ (ဇူလိုင်လ ၄ ရက်) ညနေ ၃ နာရီခွဲအချိန်ခန့်တွင် လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။
06 Jul 2020

မျိုးသီရိကျော် | DMG
ဇူလိုင် ၆ ၊ ကျောက်တော်
တပ်မတော်မှဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာသား ငါးဦးအနက် နှစ်ဦးမှာ (ဇူလိုင်လ ၄ ရက်) ညနေ ၃ နာရီခွဲအချိန်ခန့်တွင် လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပြန်လည်လွတ်မြောက်လာသူနှစ်ဦးမှာ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ ကိုအောင်နိုင်စိုးနှင့် ပင်မ ရပ်ကွက်မှ ကိုဦးမြင့်ဇော်တို့ ဖြစ်ကြသည်။
“ကျွန်တော့သားမှာတော့ သေနတ်နဲ့ထုထောင်းထားလို့ အတွင်းနာနေတယ်။ စစ်ဖိနပ်တွေနဲ့ ကန်ကျောက် ထားတဲ့အတွက် နံရိုးတွေနာနေပြီးတော့ ခြေထောက်မှာ မီးကြိုးနဲ့ရိုက်သတ်ထားလို့ လမ်းမလျှောက်နိုင်ဘူး” ဟု ကိုအောင်နိုင်စိုး၏ ဖခင် ဦးသိန်းထွန်းကပြောသည်။
အဆိုပါကျေးရွာသား ၅ ဦးသည် ဇွန်လ ၂၇ ရက်နေ့က မိသားစုနာရေးကိစ္စတစ်ခုဖြစ်ပေါ်လာ၍ ပုဏ္ဏားကျွန်း မြို့သို့ ကားဖြင့်သွားကြစဉ် ကန်စောက်တောင်အနီးရှိ အမှတ်-၅၃၉ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ ကျန်ရှိသူ ကိုဘိုကျော်သန်း၊ မောင်သန်းဝင်းနိုင်နှင့် ကိုထွန်းအေးမောင်တို့ကို ကျောက်တော်မြို့မ ရဲစခန်းတွင်ချုပ်နှောင်ထားပြီး ကိုဘိုကျော်သန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူရန် လည်းကောင်း၊ ကိုထွန်းအေးမောင်ကိုမူ လိုင်စင်မဲ့ယာဉ်လက်ဝယ်ထားရှိမှု ၊ လိုင်စင်အတုပြုလုပ်မှုတို့ကြောင့် ပို့ကုန်/သွင်းကုန် အက်ဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ပြင် ကိုမောင်သန်ဝင်းနှင့် ယခုလွတ်မြောက်လာသူနှစ်ဦးတို့ကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသော်လည်း ကိုမောင်သန်းဝင်းမှာ ယနေ့အချိန်ထိ လွတ်မြောက်လားခြင်းမရှိ၍ မိသားစုဝင်များ စိုးရိမ်နေကြသည်။