မတ်လအတွင်းက တွေ့ရသည့် ယိုးတရုပ်ရဲကင်းစခန်း။ ဓာတ်ပုံ-ဖဒူ ထွန်းအောင်

ကျော်သူဌေး/DMG

ဇူလိုင် ၁၅၊ စစ်တွေ

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာမှ ဒေသခံနှစ်ဦးအား  ယနေ့ ဇူလိုင်လ ၁၅ ရက်၊ နံနက် ၁၂ နာရီခန့်က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက DMG ကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ ဦးထွန်းဝင်းနှင့် ဦးသန်းရွှေတို့ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ဟု မသိရှိရသေးဟု ဦးထွန်းဝင်း၏ မိခင် ဒေါ်စိန်ဝင်းဖြူက ပြောသည်။

“ဦးထွန်းဝင်းအိမ်ဘယ်မှာလဲလို့ မေးပြီးအိမ်ကိုဝင်ပြီးဖမ်းသွားတယ်။ အဒေါ်ပြေးပြီးလိုက်သွားတာ မမီလိုက်ဘူး”ဟု ၎င်းက ဆက်လက်ဆိုသည်။

၎င်းတို့ကို တပ်မ (၂၂)က ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ယိုးတရုပ်ကျေးရွာအနီး ရွှေမင်းစည်ဘုရား သိမ်တော်တွင် ဖမ်းဆီးထားသည်ဟုလည်း ဒေသခံများထံက သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ် မေးမြန်းရာတွင် “တပ်မတော်က ဖမ်းတယ်၊ဖမ်းတယ် အသုံးအနှုန်းဆိုရင် ကျနော်ကြားရတာ စိတ်မချမ်းမြေ့ဘူး။ AA က ဖမ်းတာကျတော့ တစ်ခါမှ မမေးဘူးဗျာ။အဲဒါကို ကျနော်သိချင်တယ်ဗျာ။ကျနော်တို့က ဖမ်းတာလည်း မရှိဘူး။ခေါ်တာလဲမရှိဘူး ”ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့်ဆက်စပ်သည်ဟု ဆိုကာ တပ်မတော်က ဒေသခံများကို ဖမ်းဆီး မှုများလည်းရှိနေပြီး ကျေးရွာအချို့ကိုလည်း AA တပ်ဖွဲ့ဝင်များ ဝင်ရောက်နေထိုင်နေသည်ဟု သံသယဖြင့် စစ်ဆေးမှုများရှိနေသည်။

 

Author: Admin