ချလူးအောင်၊ စက်တင်ဘာလ ၁၈

မောင်တောမြို့နယ်၊နံသာတောင်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံက အိမ်ထောင်စု(၄၂)စု အတွက် နေအိမ်များတည်ဆောက်ရန် အကူအညီပေးမည်ဟု အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Kumar Praveen ကပြောသည်။

စက်တင်ဘာလ(၁၇)ရက်နေ့က  အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Kumar Praveen နှင့် အိန္ဒိယကောင်စစ်ဝန် Mr Rajesh Kumar တို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ၊ နံသာတောင်ဆရာတော် ဦးစရဏ တို့နှင့်တွေ့ဆုံပြီးနောက် နေအိမ်များတည်ဆောက်ပေးရန် ရလာဒ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

နံသာတောင်ကျေးရွာသည် ပြီးခဲ့သည့် သြဂုတ်(၂၅)ရက်နေ့က  ARSA အကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် ကျေးရွာ များအနက် ပြန်လည်တည်ဆောက် ရေးမလုပ်နိုင်သေးသော ကျေးရွာတစ်ခုဖြစ်သည်။

ယင်းကြောင့် ကျေးရွာသူ၊သားများမှာလည်း နီးစပ်ရာဆွေးမျိုးအိမ်များတွင် ခိုလှုံလျက်ရှိကြသည်။

အိန္ဒိယ အစိုးရအနေဖြင့်  နံသာတောင်ကျေးရွာအား လာမည့် အောက်တိုဘာ(၁၅)ရက်နေ့တွင် စတင် တည်ဆောက်မည်ဖြစ်ကာ ဒီဇင်ဘာလတွင် အပြီးသတ်တည်ဆောက်ပေးမည်ဟု အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Kumar Praveen ကပြောသည်။

အိန္ဒိယအစိုးရသည် မောင်တောမြို့နယ်အတွင်း လူနေအိမ် ၂၅၀ တည်ဆောက် လှူဒါန်းထားသည်။ ရွှေဇား ကျေးရွာတွင် ဟိန္ဒူလူမျိုးများအတွက် အိမ် (၁၄၈)လုံး ၊ မောင်တောမြို့နယ်မြောက်ပိုင်းကြိမ်ချောင်း တောင်ရွာတွင် ဘင်္ဂလီများ အတွက် အိမ်အလုံး(၆၀) လှူဒါန်းထားသည်။

Author: ချလူးအောင်