ခိုင်ရိုးလ | DMG

ဇူလိုင် ၆၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပေါက်တူးတောင်ကျေးရွာတွင် ဇူလိုင် ၅ ရက်နေ့ ညနေ ၈ နာရီကျော် အချိန်ခန့်က လူနှစ်ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ထံမှသိရသည်။

သေဆုံးသွားသူနှစ်ဦးမှာ ဦးမောင်ဘကျန်နှင့် သားမက်ဖြစ်သူ ပိုင်စိုး(ခ) ပိုင်သက်ကျော်တို့ဖြစ်ပြီး ယောက်ခမဖြစ်သူမှာ စားသောက်ဆိုင်ရောင်းကြောင်း သိရသည်။

“မနေ့ည ၈ နာရီလောက်မှာ မျက်နှာဖုံးစွပ်နဲ့ လူသုံးဦးဝင်လာပြီးတော့ မောင်ဘကျန်ကို သေနတ်နဲ့ ပစ်တယ်။ နောက်ပြီး အိမ်ထဲက ထွက်လာတဲ့အခါ သားမက်ကို သေနတ်နဲ့ ပစ်လား ဓားနဲ့ထိုးလားတော့မသိဘူး။ နှစ်ဦးစလုံးကို သတ်ပစ်တယ် ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ဦးမောင်ဘကျန်မှာ နေအိမ်အတွင်း ထမင်းစားရန် ပြင်ဆင်နေစဉ် လူသုံးဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ၂ ချက်ပစ်သည့်အပြင် ဓားထိုးဖြင့်ပါထိုးသတ်ခဲ့သည်။  ၄င်း၏ သမက်ဖြစ်သူမှာ အိမ်ရှေ့ခန်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပေါက်တူးတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

မြေပုံမြို့နယ် ကမ်းထောင့်ကြီးရဲစခန်းကို ဆက်သွယ်ရာတွင် သေဆုံးမှုဖြစ်စဉ် မှန်ကြောင်းနှင့် အသေးစိတ်ကို ပြောမရဟု ရဲအရာရှိတစ်ဦးက ပြောသည်။

“ လူနှစ်ဦး သေဆုံးတာ ဟုတ်ပါတယ်။ ကျန်တဲ့ကိစ္စကိုတော့ ကျွန်တော်ပြောမရပါ။ အထက်က လူကြီးတွေကပဲ ပြောလို့ရမှာ ” ဟု ဆိုသည်။

မြေပုံမြို့နယ်တွင် ယခင်ကလည်း ယခုကဲ့သို့ဖြစ်စဉ်များရှိခဲ့ပြီး တရားခံကို မဖော်ထုတ်နိုင်သေးသည့်အပေါ် ပြည်သူများအတွက် အစိုးရမှ  လုံခြုံရေးအားနည်းနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဝေဖန်သည်။

“အခုဖြစ်တဲ့ ကိစ္စတွေဟာ လုံခြုံရေးမရှိ၊ လုံခြုံရေးအားနည်းတယ်။ ကြာအင်းတောင်တို့၊ စညှင်းစတဲကျေးရွာတွေမှာ အသတ်ခံရတာဟာ ကျေးရွာသူကျေးရွာသားတွေအတွက် လုံခြုံမှုအားနည်းတယ်လို့ မြင်ပါတယ်။ တရားခံလည်း ဖော်ထုတ်မရနိုင်သေးပါဘူး ” ဟု ဦးအောင်ဝင်းကပြောသည်။

လက်ရှိတွင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ကမ်းထောင်းကြီးဆေးရုံတွင် စစ်ဆေးနေကြောင်း သိရသည်။

Author: ခိုင်ရိုးလ