မင်းထွန်း | DMG
မတ် ၆ ၊ ရန်ကုန်
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်(၉)မြို့နယ်တွင် အင်တာနက်ပြန်လည်ဖွင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် ဦးဆောင်သူကျောင်းသားကိုးဦးထဲက ခြောက်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ကမာရွတ်မြို့နယ်တရားရုံးတွင် ယနေ့တရားစွဲတင်လိုက်ကြောင်း ကမာရွတ်ရဲစခန်းမှ သိရသည်။
အဆိုပါကျောင်းသားငါးဦးကို ယမန်နေ့(မတ်လ ၅ရက်)က ဖမ်းဆီးခဲ့ပြီးနောက် ယနေ့ ကမာရွတ်တရားရုံးတွင် အခြားတစ်ဦးနှင့်အတူ စွဲချက်တင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်ရဲစခန်းမှ ရဲမှူးသိန်းဟန်က DMG သို့ပြောသည်။
“မနေ့ကဖမ်းတာက တရားစွဲမလို့ဖမ်းတာ။ ခြောက်ဦးကို ဒီနေ့တရားစွဲမယ်” ဟု ၄င်းကဆိုသည်။
ထိုသို့ တရားစွဲဆိုခံရသူများမှာ ကိုအောင်ပြည့်စုံဖြိုး၊ ကိုနောင်ထက်အောင်၊ ကိုသုတစိုး၊ မနှင်း ၊ မအေးမြတ်မွန်ကျော်နှင့် ကိုဇော်ထက်နိုင်တို့ဖြစ်ကြပြီး ကျန်သုံးဦးမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ကမာရွတ် ရဲစခန်းမှသိရသည်။
ယခုမတ်လ (၁၈) ရက်နေ့တွင် တက္ကသိုလ်ကျောင်းသား၊သူများမှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သောကြောင့် ကျောင်းသားများအား တရားစွဲဆိုခြင်းသည် မေးခွန်းထုတ်စရာဖြစ်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သံတမန်ရေးရာတာဝန်ခံ ကိုသော်ဇင်ထွန်းကပြောသည်။
“ဒါကတော့ ဒီနိုင်ငံအစိုးရက ကျောင်းသားတွေရဲ့ပညာရေးအပေါ်မှာ ဘယ်လောက်ထိ အလေးထားလဲဆိုတာ ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်သွားတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ကာလကြာရှည်စွာ အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များကို အင်တာနက် အမြန်ဆုံးဖွင့်ပေးရန်အတွက် ရက္ခိုင်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ရွာသာကြီးနယ်မြေ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က ပူးပေါင်းပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒပြပွဲတွင် အင်တာနက်ပြန်ဖွင့်ပေးရေးအပြင် ဘူးသီးတောင်မြို့နယ် စာသင်ကျောင်းအား လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအား တာဝန်ယူ၊တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရေး၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို လွတ်လပ်စွာ သတင်းရယူခွင့်ပေးရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
ရခိုပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ကြိုတင်အသိမပေးပဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။
ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ထပ်မံဖြတ်တောက် လိုက်သည်။
အင်တာနက်ပြန်ပိတ်ပင်ခံထားရသည့်မြို့နယ်များအား ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ တောင်းဆိုထားကြသည်။




