ခိုင်ရိုးလ ၊ ချလူးအောင် | DMG
ဇူလိုင် ၁၅၊ စစ်တွေ
နွားရုံတောင်ကျေးရွာက နေအိမ်များ မီးရှို့ခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား အပြန်အလှန်စွပ်စွဲနေကြသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ အရှေ့ဘက်တောင်တန်းတို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ရွာသူရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့သော်လည်း မျက်မမြင်အဘိုးတစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦး ရွာထဲတွင် ပိတ်မိလျက်ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းကျော်က ပြောသည်။
ယင်းသို့ တိုက်ပွဲအပြီး မီးလောင်မှုဖြစ်ပွားသဖြင့် အသက် ၈၀ အရွယ်အဘိုးအိုကို ထမ်းမည့်သူမရှိသဖြင့် ရွာထဲတွင်ထားခဲ့ရပြီး အသက် (၄၀)အရွယ် စိတ်မနှံ့သူကိုလည်း ခေါ်မရသောကြောင့် ထားခဲ့ရသည်ဟု ၎င်းက ဆက်လက်ဆိုသည်။
“မနက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတုန်း ရွာသူရွာသားတွေ အားလုံးထွက်ပြေးကြတယ်။ မျက်မမြင် အဘိုးအိုနဲ့စိတ်မနှံ့သူတစ်ဦး ရွာထဲမှာ ကျန်လိုက်တယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းကျော်က ဆိုသည်။
ယင်းရွာအနီးတွင် ပစ်ခတ်မှုများရှိနေသည့်အတွက် ပိတ်မိနေသူများကို ကယ်ဆယ်ရန်အတွက် ရွာသူရွာသားများ မသွားရဲဟုလည်း ဒေသခံများထံက သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နွာရုံတောင်ကျေးရွာအနီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် AA က ယင်းရွာရှိ လူနေအိမ်နှစ်လုံး၊ ဝက်ခြံတစ်ခြံနှင့် နွားခြံတစ်ခြံတို့ကို မီးရှို့ထွက်ပြေးသွားခဲ့ခြင်းဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
သို့သော် မိမိတို့ဘက်က မီးရှို့ခဲ့မှုမရှိကြောင်း၊ မြန်မာ့တပ်မတော်ဘက်ကသာ နေအိမ်များကို မီးရှို့သွားခဲ့ခြင်းဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုန့်ပြန်သည်။
နွားရုံတောင်ကျေးရွာရှိ နေအိမ်များကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်မီးရှို့သွားခဲ့ခြင်းခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
“ တိုက်ပွဲဖြစ်ပွားပြီး ၁ နာရီကျော်အကွာလောက်မှာ တပ်မတော်စစ်ကြောင်းက ဥယျာဉ်သာဘက်ကနေ လာပြီးတော့ ရွာကို မီးရှို့တာပါ။ နေအိမ် ဘယ်နှစ်ဆောင်ပါသွားတယ်ဆိုတာကို အတိကျမသိရသေးပါ။ အဲဒီနားမှာ အိမ်ခြေ ၂၀ လောက်ရှိတဲ့အစုပါ” ဟု အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသည်။
နွားရုံတောင်ကျေးရွာတွင် အိမ်ခြေ ၁၈၀ ခန့်၊ လူဦးရေ ၆၀၀ ခန့်ရှိပြီး ယင်းနေ့တွင် ရွာသူရွာသားများသည် စေတီတောင်ကျေးရွာ၊ ရသေ့တောင်နယ် အိုးဖောက်၊ ခွဆုံ၊ ဆင်ခုန်းတိုင်ကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်မီးရှို့သွားမှုကြောင့် နေအိမ် ၁၀ ကျော်မီး လောင်ဆုံးရှုံးသွားခဲ့ရကြောင့် ရွာသားများက ပြောသည်။ သို့သော် မီးရှို့ခဲ့မှုမရှိဟု တပ်မတော်ဘက်က ငြင်းဆိုထားသည်။




