
မျိုးမြင့်ဇော် | DMG
နိုဝင်ဘာ ၆ ၊ သံတွဲ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စုတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) တွင် ကြိုတင်မဲလက်မှတ်များ မှားယွင်းမှုဖြစ်ပွားခဲ့ခြင်းကြောင်း မဲလက်မှတ်အမှန်ပေါ်တွင် မဲဆန္ဒရှင်များ နောက်တစ်ကြိမ်မဲပြန်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဆုံးဖြတ်လိုက်ကြောင်း သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
အဆိုပါမဲလက်မှတ်အမှားပေါ်တွင် ဆန္ဒမဲပေးခဲ့သော မဲဆန္ဒရှင်များအနေဖြင့် နောက်တစ်ကြိမ်မဲပြန်ပေးရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စားလှယ်လောင်းက လက်မခံဘဲ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင်ထံသို့ ကန့်ကွက်စာ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မူလဆုံးဖြတ်ချက်အတိုင်း မှားယွင်းသောမဲလက်မှတ်များကို ပယ်မဲအဖြစ်သတ်မှတ်ပြီး ဆန္ဒမဲနောက်တစ်ကြိမ်ကောက်ယူရန်သာ ထပ်မံ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
“မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဒုတိယအကြိမ် ပြန်ကောက်ပါဆိုပြီး ဆုံးဖြတ်ချက်ကျပါတယ်။ အခုကြိုတင်မဲ ပြန်ကောက်နေပါပြီ” ဟု သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးမိုးကျော်က DMG သို့ပြောသည်။
အောက်တိုဘာလ ၂၉ ရက်နေ့က သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁၁)တွင် ကြိုတင်မဲ ၃၉၁ မဲ ပေးပြီးသည့် အချိန်ခါမှ မဲလက်မှတ်များမှာ မြောက်ဦးခရိုင်၊ ကျောက်တော်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှ မဲလက်မှတ်များဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သံတွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ထို့ကြောင့် သံတွဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အောက်တိုဘာ ၃၁ ရက်တွင် မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး မဲလက်မှတ်အမှားနှင့်ပေးခဲ့သည့် ကြိုတင်မဲ ၃၉၁ မဲကိုပယ်ဖျက်ပြီး ကြိုတင်မဲပြန်ကောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း သံတွဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် UEC သို့ ကန့်ကွက်စာပို့ခဲ့သည့် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း(ခ)ဦးစိုးလေးကို DMG က ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပေ။
မြန်မာတစ်နိုင်ငံလုံးတွင် မသွားမလာနိုင်သည့် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိကောက်ယူခဲ့ပြီး ကြိုတင်မဲကောက်ယူရာတွင် မဲလက်မှတ်မှားခြင်း၊ တံဆိပ်တုံး အတုဖြင့်မဲပေးခြင်းအပါဝင် မဲမသာမှုများပေါ်ပေါက်ခဲ့ပြီး ယင်းကိစ္စများနှင့်ပတ်သက်ပြီး UEC က အရေးယူမှု များလည်းရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။




