- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
လက်နက်ကြီးကျည် ထိမှန်သွားသည့် ရခိုင်လူငယ်များကို ယနေ့သင်္ဂြိုလ်မည်
မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာတွင် ယမန်နေ့(သြဂုတ်လ ၂၄ ရက်နေ့)က လက်နက်ကြီး ကျည်ထိမှန်သွားသောကြောင့် သေဆုံးသွားသည့် လူငယ် (၃)ဦးကို ယနေ့ နေ့လယ် ၂ နာရီ တွင် ဂူသွင်းသင်္ဂြိုလ်မည်ဟု ဒေသခံများထံက သိရသည်။
25 Aug 2019

နေရောင်မင်း| DMG
သြဂုတ် ၂၅ ၊ စစ်တွေ
မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာတွင် ယမန်နေ့(သြဂုတ်လ ၂၄ ရက်နေ့)က လက်နက်ကြီး ကျည်ထိမှန်သွားသောကြောင့် သေဆုံးသွားသည့် လူငယ် (၃)ဦးကို ယနေ့ နေ့လယ် ၂ နာရီ တွင် ဂူသွင်းသင်္ဂြိုလ်မည်ဟု ဒေသခံများထံက သိရသည်။
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အသက် (၆)နှစ်အရွယ် KG တန်းတက်နေသည့် မောင်အောင်ဇံဖြိုး၊အသက် (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသူ မညိုညိုဝင်းနှင့် အသက် (၉)နှစ် အရွယ် တတိယတန်းကျောင်းသား မောင်မင်းထက်ကြီးတို့ သေဆုံးသွားခြင်းဖြစ်သည်။
ပန်းမြောင်းကျေးရွာအလယ်ရှိ ဘုရားတောင်တွင် တပ်မတော်တပ်စွဲထားခြင်း ဖြစ်ပြီး ယင်း တောင်ပေါ်မှ ပစ်ချလိုက်သည့် လက်နက်ကြီးကျည်ဆန်ကြောင့် ရွာထဲမှာရှိသည့် နေအိမ် နှစ်အိမ်ကို ကျည်ထိမှန်သွားခြင်းဖြစ်ကာ ယင်းအိမ်များက လူ(၃)ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာ ရရှိသွားသည်ဟု ဒဏ်ရာရရှိသူတစ်ဦး၏ မိသားစုဝင် ဒေါ်ဝင်းဝင်းက ပြောသည်။
“အဲ့လက်နက်ကြီးက စစ်သားတွေ ပစ်တာပါ။ ဘုရားတောင်မှာကျတော့ စစ်သားတွေပဲ ရှိပါတယ်။ ကျန်တဲ့သူတွေ တစ်ယောက်မှ မရှိဘူး”ဟု ၎င်းက ဆိုသည်။
ဒဏ်ရာရရှိသူ (၄)ဦးအနက် တစ်ဦးကို စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီး တခြားသူများကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။
ယင်းပစ်ခတ်မှုသည် မိမိတို့လက်ချက်မဟုတ်ကြောင်း တပ်မတော်ဘက်က ငြင်းဆိုပြီး AA ပစ်ခတ်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဟုဆိုသည်။ သို့သော် AA ဘက်ကလည်း မိမိ တို့လက်ချက်မဟုတ်ကြောင်း၊ တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဟု ဆိုသည်။
လက်ရှိတွင် တပ်မတော်က တပ်စွဲထားသည့် ဘုရားတောင်ပေါ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံများ မြောက်ဦးမြို့နယ် ကျေးရွာတချို့သို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများထံက သိရသည်။