တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဆင်သည်ကျေးရွာသားများအား တွေ့ရစဉ်။ ဓာတ်ပုံ - သဘာဝနဒီ

ဝင်းညွှန့််/DMG

ဇွန်လ ၂၇၊စစ်တွေ

မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယခုရက်ပိုင်းအတွင်း ပုဏ္ဏား ကျွန်းမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ဦးရေ ထပ်မံများပြားလာသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေး နေသူများက ပြောသည်။

ဇွန်လ ၂၅ ရက်နေ့က စတင်ကာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သည်ကျေးရွာနှင့် သြရမကျေးရွာအနီးတို့တွင်  တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သောကြောင့် ယင်းရွာများက ဒေသခံများမှာ ပေါက်တောပြင်ကျေးရွာနှင့် ပိုးရွှီပြင်ကျေးရွာများရှိ  စစ်ဘေးရှောင်စခန်းများသို့ ဇွန်လ ၂၅ ရက်မှ စတင်ကာ ယနေ့အထိ ထွက်ပြေးနေရသည်။

ပေါက်တောပြင် စစ်ဘေးရှောင်စခန်းသို့ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၁၇၄ ဦးနှင့်ကလေး အပါအဝင် စုစုပေါင်း (၃၀၀) ကျော်ခန့် ရောက်ရှိလာသည်။ ထို့အပြင် ပိုးရွှီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းသို့လည်း လူဦးရေ ၂၀၀၀ ခန့် ရောက်ရှိလာကြသည်ဟု စခန်းတာဝန်ရှိသူများက ပြောကြသည်။

“သူတို့တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်။ ခြင်ထောင်က ဘာဖြစ်လို့ လိုအပ်တာလည်းဆိုတော့ မိုးတွင်းကာလဖြစ်နေလို့။ မိုးတွင်းကာလဆိုတော့ ရခိုင်မှာ ခြင်တွေ အကြီးအကျယ် ကိုက်တာလေ” ဟု ပေါက်တောပြင် စစ်ဘေးရှောင်စခန်း တာဝန်ခံ အရှင်သဘာဝနဒီက မိန့်သည်။

ယခုရက်ပိုင်းအတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ကျောက်တော်မြို့နယ်နှင့်ပုဏ္ဏား ကျွန်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ဒီဇင်ဘာလအစောပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တောမြို့နယ်များရှိ စစ်ဘေးရှောင် စခန်းများတွင် လူဦးရေ (၅) သောင်းနီးပါးခန့် ခိုလှုံလျက်ရှိသည်။