
မျိုးသီရိကျော် | DMG
ဖေဖော်ဝါရီ ၁၈၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ ရှားပါးမှုကြောင့် အသက် (၁)နှစ်အောက် ကလေးငယ် (၁၁)ဦး ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်နေသည်ဟု စစ်ဘေးရှောင်စခန်းမှ သိရသည်။
ယင်းစစ်ဘေးရှောင်စခန်းတွင် ယခုလမှစတင် ရေရှားပါးနေခြင်းဖြစ်ပြီး အိမ်သာတက်ရန် ရေမလုံလောက်ခြင်း၊ မသန့်ရှင်းသည့်ရေများကို ရေချိုးရသဖြင့် ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်နေခြင်းဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမရဲ့ကလေးမဟုတ်ပေမဲ့ အခုဖြစ်တာက (၁)နှစ်အောက် ကလေးတွေ အများဖြစ်တာကြောင့် ပိုစိုးရိမ်ရတယ်။ သူတို့မှာ ဘာမှမပြောတတ်ဘူး၊ ငိုပဲငိုကြတယ်။ ကလေးတွေမှာ အီးပါရင်လည်း အဖတ်မပါပဲအရည်ပဲ ထွက်တယ်။ အန်တဲ့သူတွေလည်းအန်ကြတယ်”ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်ကလေးများ ထိုသို့ဖြစ်ပျက်နေခြင်းမှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး စိုးရိမ်ရသည့် ကလေး(၂)ဦးမှာ ကံစောက်ကျေးရွာဆေးခန်းမှာ ဆေးကုသမှုခံယူခဲ့ပြီး တခြားကလေးငယ်များမှာ ငွေကြေးမတက်နိုင်သောကြောင့် ဆေးခန်းမပြနိုင်ဟု စစ်ဘေးရှောင်များထံက သိရသည်။
“ကျန်ကလေးတွေကို ဆေးခန်းပြဖို့အတွက် ငွေမရှိလို့ ဆေးခန်းမပြရဘူး။ ရွာထဲကဆေးဝယ်ပေးပြီး တိုက်ထားလိုက်ရတယ်။ ဒီနေ့တော့ ဆရာဝန်တွေရောက်လို့ ဆေးတွေပေးနေတယ်။ ဆေးထိုးတဲ့သူတွေကို ဆေးထိုးနေတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၅၀၀)ကျော်ခိုလှုံနေပြီး စခန်းအနီးအနီးရှိ ရေကန်တစ်ကန်မှ သောက်ရေ၊ သုံးရေအသုံးပြုသည်။ သို့သော် ယခုလကစတင်ပြီး ရေခမ်းခြောက်သွားကာ လက်ရှိတွင် ကန်ရေ ငါးပုံတစ်ပုံခန့်သာ ရှိတော့သည်။ ထိုရေများမှာလည်း နောက်ကျိနေသဖြင့် သောက်ရေ၊သုံးရေအခက်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ဘေးရှောင်စခန်းမှ (၂)မိုင်ကျော်ခန့်ဝေးကွာသည့် ယိုးချောင်းမှ လက်တွန်းလှည်းနှစ်စီးဖြင့် ရေသယ်ယူအသုံးပြုနေရသည်။
ဆက်စပ်သတင်းများ -
- ရခိုင်စစ်ဘေးရှောင်စခန်းအချို့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေ
- ရခိုင်မှ စစ်ဘေးဒုက္ခသည်များ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ကျန်းမာရေးအခက်အခဲနှင့်ရင်ဆိုင်နေရ
- မောင်တောမြို့နယ်တွင် ဟိန္ဒူ (၁၀၀၀)ကျော် သောက်သုံးရေအခက်အခဲဖြစ်နေ




