ချလူးအောင် | DMG

စက်တင်ဘာ ၅ ၊ မောင်တော

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ကျော်လွန်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော မြန်မာနိုင်ငံသား နယ်ခြားစောင့် တပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် တပ်သား ၃ ဦးတို့ကို ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ အလံတင်အခမ်းအနားပြုလုပ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို သြဂုတ်လ ၂၅ ရက်နေ့ ညဥ့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ နာဇီရွာအနီး နတ်မြစ်အတွင်း၌ လက်နက်များနှင့်အတူ စပီးဘုတ်တစ်စီးပေါ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ Teknaf today News ကဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အမှတ်(၁) အဝင်/ အထွက်စခန်းမှဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ အနည်းငယ်ကျော်လွန်သွားသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း အမှတ်(၁)အဝင်/အထွက်စခန်းမှ အမည်မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းတို့ ၄ ဦးကို လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံချစ်ကြည်ရေးတံတားအနီး ခေါင်းတုံး BGB စခန်းတွင် နှစ်နိုင်ငံ အလံတင်အခမ်းအနားပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Author: ချလူးအောင်