
ကျော်မျိုးအောင် | DMG
စက်တင်ဘာ ၈ ၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်ရဲကင်းစခန်းမှ ပျောက်ဆုံးနေသည့်နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက် စက်တင်ဘာလ ၇ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သည်။
ယင်းသို့သေဆုံးနေသည့် ရဲတပ်သားဇေယျာမျိုး၏အလောင်းအား ရွာညိုတောင်ကျေးရွာအနီးရှိ ပုစွန်ကန် အဟောင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သဖြင့် အဆိုပါ ပုဇွန်ကန်ပိုင်ရှင်အား လူသတ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ငါးခူရနယ်မြေစခန်းတွင်အမှုဖွင့်လှစ်ကာ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် မောင်တောမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူထားကြောင်း သိရသည်။
“ရာဇတ်သတ်ကြီး ပုဒ်မ ၃၀၂ နဲ ဒီနေ့ရမန်ရယူလာတယ်။ စက်တင်ဘာ ၂၂ ရက်နေ့အထိရယူထားတယ်” ဟု မောင်တောမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရဲတပ်သားသေဆုံးမှုနှင့်ဖမ်းဆီးခံထားရသူမှာ အသက် ၅၅ နှစ်အရွယ် ဦးမောင်ထွန်းစိန်ဖြစ်ပြီး ၎င်းတွင်အပြစ်တစ်စုံတစ်ရာမရှိကြောင်း ဇနီးဖြစ်သူ ဒေါ်မလှဝင်းက ပြောသည်။
“ကျွန်မယောင်္ကျားကိုဖမ်းတာ သေတဲ့နယ်ခြားစောင့်ကို ကျွန်မတို့ပိုင်တဲ့ပုဇွန်ကန်မှာတွေ့တာကြောင့်လို့သိရတယ်။ ဒီပုဇွန်ကန်က ၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်ကတည်းက အလုပ်သမားတွေမရှိတာကြောင့် မလုပ်ဘဲ ပစ်ထားတာ ဒီနေ့အထိပါ။ နောက်တစ်ခုက နယ်ခြားစောင့်တွေမှာ သေနတ်တွေပါတယ်။ သေနတ်ကိုင်ထားသူကို ဘယ်လို လုပ်ပြီး သတ်ဖြတ်နိုင်ပါမလဲ” ဟု ဒေါ်မလှဝင်းကဆိုသည်။
သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်သားဇေယျာမျိုးနှင့် ရဲတပ်သားမြင့်သိန်းတို့နှစ်ဦးမှာ စက်တင်ဘာလ ၅ ရက် နေ့က လစာငွေအား မိသားစုထံလွှဲပေးရန် ရွက်ညိုတောင်ကျေးရွာသို့ သွားရောက်စဉ် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးထံမှသိရသည်။
ပျောက်ဆုံးနေသူနှစ်ဦးအနက် ရဲတပ်သားဇေယျာမျိုး၏ရုပ်အလောင်းအား လေပြွှန်ပြတ်ဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ယောက်ျားလိင်အင်္ဂါပြတ်ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့(စက်တင်ဘာလ ၈ ရက်)နေ့ထုတ်ပြန်ချက်တွင် သေဆုံး နေသည့်ရဲတပ်သားတွင် မျက်လုံးနှစ်လုံးပါ ဖောက်ထုတ်ခံထားရသည်ဟု ထုတ်ပြန်ထားသည်။
ရဲတပ်သားအားရက်စက်စွာသတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ကျန်ရဲတပ်ဖွဲ့ဝင် တစ်ဦးအားရှာဖွေတွေ့ရှိရေး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး ပဏာမစုံစမ်းချက်အရ AA နှင့် ARSA လက်နက်ကိုင်အုပ်စုမှ အလစ်အငိုက် ချောင်းမြောင်း သတ်ဖြတ်ခြင်းဖြစ်ကြောင်း တပ်မတော်က၏ထုတ်ပြန်ချက်က ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)အား ဆက်သွယ်မေးမြန်းရန် ဥပဒေအရကန့်သတ်ထားသဖြင့် ယခုကဲ့သို့ တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ AA ၏ တုန့်ပြန်ချက်ကို ဖော်ပြနိုင်ခြင်းမရှိခြင်းဖြစ်သည်။




