လက်နက်ကြီးကျည်ထိမှန်၍ သေဆုံး၊ ဒဏ်ရာရသူများကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားသည်။ ဓာတ်ပုံ - ညီညီအောင် (လေးမြို့)

ဖဒူ ထွန်းအောင် / DMG

ဇွန် ၃၊ စစ်တွေ

မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် ရွာသားများ ခိုလှုံနေကြသည့် ဘုန်းတော်ကြီးကျောင်းသို့ ဇွန်လ ၃ ရက် ညနေ ၃ နာရီခန့်တွင် လက်နက်ကြီး ကျည်ထိမှန်သောကြောင့် ရွာသား (၄) ဦးသေဆုံးကာ ကိုရင်တစ်ပါးအပါအဝင် လူ ၅ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်အောင် က DMG ကို ပြောသည်။

နံနက်ပိုင်းကစတင်ကာ စပါးထားကျေးရွာ၏ တောင်ဖက် တစ်ဖာလုံခန့်တွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်။ထို့ကြောင့် ရွာသားများမှာ ကြောက်လန့်ပြီး ရွာဘုန်းတော်ကြီး ကျောင်းသို့ ခိုလှုံရန်သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး ညနေပိုင်းတွင် လေးမြို့မြစ်တစ်ဖက်ကမ်း မြောင်းဘွေကျေးရွာ ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသား သုံးဦးသေဆုံးကာ အမျိုးသမီး ၁ ဦးသေဆုံးကာ ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရွာသားများသည် ဘုန်းကြီးကျောင်းအောက်တွင် ခိုလှုံနေခြင်းဖြစ်ကာ လက်နက်ကြီးကျည်သုံးလုံး နာရီဝက်ခန့် တစ်ကြိမ်စီ ထိမှန်လာခြင်းဖြစ်ပြီး ပထမအကြိမ်တွင်ပင် လူသေဆုံးမှု၊ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည်။

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံး၊ ဒဏ်ရာရသူများကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားသည်။ ဓာတ်ပုံ - ညီညီအောင် (လေးမြို့)

“လက်နက်ကြီးက မြောင်းဘွေဘက်က လာတယ်။ ပြီးတော့ တစ်ခါတည်းဂျိမ်းဆိုပြီးတော့ ပေါက်ကွဲသွားတာ။ ပေါက်ကွဲတော့ အမျိုးသမီးတွေ ငိုကြတယ်။ သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်သွားတယ် ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်အောင်က ပြောသည်။

လက်ရှိတွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို မင်းပြားဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။ ထိုသို့ ဖြစ်ပျက်ခဲ့မှုကြောင့် ရွာသူ ရွာသားများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကာ လက်ရှိ ကျေးရွာတွင် ရွာသား ၁၀ ဦးခန့်သာ ကျန်ခဲ့သည်ဟု ၎င်းက ဆက်လက်ဆိုသည်။

“ရွာသားတွေကို စက်လှေတွေနဲ့ ပို့လိုက်ပြီ။ မင်းပြားဘက်တွေကို။ ရွာမှာ သက်ကြီး ရွယ်အို လေးငါးယောက်နဲ့ ကျနော်တို့ မိသားစုပဲ ကျန်တော့တယ်။ ညတိုက်ပွဲဖြစ်ရင် ပိုပြီးတော့ စိုးရိမ်ရမယ်။လက်နက်ကြီးနဲ့ လှမ်းထုမှာကိုလည်း စိုးရိမ်ရတယ်။ ရွာထဲကို ဝင်ပြီး တစ်ခုခုလုပ်မှာကိုလည်း စိုးရိမ်တယ် ” ဟု ဦးမျိုးကျော်အောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိလာသကဲ့သို့ တစ်ချို့မှာ ကျည်ထိမှန်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း ရှိသည်။

Author: Admin