စက်လှေနစ်မြုပ်ရာတွင် သေဆုံးသွားသည့် မဟေမာန်အောင်၏ ရုပ်အလောင်းကို ဆယ်ယူနေစဉ်။ ဓာတ်ပုံ - facebook
စက်လှေနစ်မြုပ်ရာတွင် သေဆုံးသွားသည့် မဟေမာန်အောင်၏ ရုပ်အလောင်းကို ဆယ်ယူနေစဉ်။ ဓာတ်ပုံ - facebook

ဇော်ဇော် | DMG

ဇူလိုင် ၆၊ စစ်တွေ

တောင်ကုတ်မြို့မှ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းသို့  ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီးသည် လှိုင်း၊ လေ ပြင်းထန်မှုကြောင့် ဇူလိုင်လ ၅ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က  ကလိန်တောင်မြစ်တွင် နစ်မြုပ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ စက်လှေ နစ်မြုပ်မှုကြောင့် မဟေမာန်အောင် (အသက် ၁၈နှစ်ခန့် )မှာ သေဆုံးပြီး ၊ မောင်နေအောင်ကို (အသက်၂၀)နှင့် ကိုငစလုံး (အသက် ၂၅ နှစ်ခန့်)တို့မှာ ပျောက်ဆုံးလျှက်ရှိသည်။

ရမ်းဗြဲမြို့နယ်၊ င/သမုတ် ကျေးရွာအုပ်စု၊ ဝံလက်မော်ကျေးရွာမှ ဦးသောင်းထွန်း (ခ) ဦးကုလားကြီး မောင်နှင်လာသည့် အဆိုပါစက်လှေတွင် လူ ၇ ဦး တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဖောင်းခါးကျွန်းနှင့် ပန်းတင်းကျွန်းကြား မြစ်ဝအထွက်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း င/သမုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညီသောင်းက ပြောသည်။

“သူတို့က မြစ်ဝကအထွက်မှာ ရာသီဥတု မကောင်းလို့ ခဏလောက်ရပ်ကြည့်ခဲ့သေးတယ်လို့ ပြောတယ်။ ပြီးတော့မှ ဖြတ်ကူးလို့ ရလောက်တယ်ဆိုပြီး အသွားမှာ အခုလို ဖြစ်သွားတာ” ဟု ၄င်းကဆိုသည်။

စက်လှေနစ်မြုပ်ရာတွင် ပါဝင်သွားသူများထဲမှ ဦးကုလားကြီး (၅၇ နှစ်)၊ မောင်တင်ကိုဖြိုး (၁၅နှစ်)၊ ဦးမောင်လှဝင်း (၅၅ နှစ်)၊ ဦးမောင်ထွန်းနု (၅၀) နှစ်ခန့်တို့မှာ ရေကူးပြီး လွတ်မြောက်လာခဲ့ကြကြောင်းလည်း ၄င်းက ဆက်လက်ဆိုသည်။

ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ ကျေးရွာ ၈ ရွာမှ ခရီးသည်များမှာ ရေလမ်းခရီး တစ်ခုတည်းဖြင့်သာ သွားလာနေကြရသဖြင့် ယခုကဲ့သို့ ဆိုးရွားလှသည့် ရာသီဥတုတွင် အသက်အန္တရယ်စိုးရိမ်ရသည့် အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာအတွင်းကလည်း တောင်ကုတ်မြို့မှ စကုကျွန်းသို့ ထွက်ခွာလာသည့် စက်လှေတစ်စီးမှာ တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူ ကျေးရွာအနီး နစ်မြုပ်မှုကြောင့် အမျိုးသမီး ၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

 

Author: Admin