Photo - facebook

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၂၁ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အမှတ်(၇)တိုက်နယ်ရှိ တာတမံတံခါးမှာ ဂန့်ဂါမြစ်မှ ဒီရေတိုက်စားမှုကြောင့် ကျိုးပေါက်ကာ တောင်သူ ၂၀၀ ကျော်တို့ စိုက်ပျိုးလုပ်ကိုင်ထားသော စပါးဧကပေါင်း ၄၀၀ ကျော် ပျက်စီးသွား ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

နိုဝင်ဘာ ၁၇ ရက် နေ့လည်ပိုင်းက ယင်းသို့ တာတမံကျိုးပေါက်ကာ မြစ်ရေအဆမတန် ဝင်ရောက်မှုကြောင့် ကျောက်ဖြူမြို့နယ် တံခွန်တိုင်ကျေးရွာနှင့် မြို့ချောင်းကျေးရွာတို့မှ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် စပါးများ နစ်မြုပ်ပျက်စီးသွားသည်ဟု မြို့ချောင်းကျေးရွာမှ တောင်သူ ဒေါ်မခင်ပုက ဆိုသည်။

“မြစ်ရေတိုက်စားပြီးတော့ တံခါးကျိုးပေါက်သွားတာ၊ စပါးတွေက ဆားငံရေဝင်သွားတော့ အခြေအနေ မကောင်းဘူးပေါ့။ အခုမြစ်ရေက ရွာနားထိရောက်လာတယ်။ တောင်သူတွေအနေနဲ့ကတော့ ကိုယ့်ဟာ ပျက်စီးသွားတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့” ဟု ၎င်းကပြောသည်။

ယင်းသို့ ကျိုးပေါက်ခဲ့သည့်တာတမံမှာ နှစ်ပေါင်း ၄၀ ခန့်သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး တံခွန်တိုင်ကျေးရွာမှ ဒေသခံတောင်သူအများစုမှာ အဆိုပါတာတမံကို အားထားကာ လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တာတမံပျက်စီးမှုအခြေအနေနှင့်ပတ်သက်ပြီး သေချာမသိသေးသဖြင့် မည်သို့ဆောင်ရွက်မည်ကို မသိရှိရ သေးဟု ကျောက်ဖြူမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောသည်။

“ကျနော်လည်း လွှတ်တော်ကိုရောက်နေတော့ ကျိုးပေါက်သွားတယ်ဆိုတာပဲသိတယ်။ ကျန်တာ ဘာမှမသိသေးဘူး” ဟု သူကပြောသည်။

ထို့အပြင် တာတမံပျက်စီးမှုအခြေအနေအား မေးမြန်းရန် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်ထံ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အဆိုပါတာတမံမှာ ကျောက်ဖြူမြို့နယ်အတွင်းမှ တံခွန်တိုင်ကျေးရွာ၊ မင်းချောင်းကျေးရွာနှင့် မြို့ချောင်းကျေးရွာ တို့မှ လယ်သမား ၂၀၀ ကျော်ခန့် မှီခိုလုပ်ကိုင်နေရသည့် ဆည်တာတမံတစ်ခုဖြစ်သည်။

Author: Admin