ဝင်းညွန့် | DMG
ဧပြီ ၂၇ ၊ စစ်တွေ

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကံကော်မြိုင်ကျေးရွာသို့ ဧပြီလ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆံများ ကျရောက်သောကြောင့် အသက်(၁၃)နှစ်အရွယ် မဆန်းနွယ်မှာ ညာဖက်ခြေတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

 

ထိုသို့ လက်နက်ကြီးကျည် ကျရောက်လာသောကြောင့် ရွာသားအမြောက်အများလည်း လုံခြုံမည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားရသည်။

 

ယင်းလက်နက်ကြီးကျည်များမှာ ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ကျော်အကွာတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲမှ ကျရောက်လာသည့် ကျည်များဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်းက ပြောသည်။

 

“မနေ့က ကျွန်တော်တို့ ရွာအနောက်တောင်ဘက် ၁ မိုင်ကျော်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ရွာကို လက်နက်ကြီး၊ ကျည်တွေကျတော့ ရွာသူ၊ သားတွေ ကြောက်ပြီးတော့အကုန်လုံး ထွက်ပြေးသွားကြတယ်။ ဘယ်အဖွဲ့က ပစ်လဲဆိုတာတော့ ကျွန်တော်တို့ သွားမကြည့်ရဲလို့ မသိဘူး ”ဟု ၄င်းကဆိုသည်။

 

အဆိုပါ ကံကော်မြိုင်ကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်နှင့် လူဦးရေ စုစုပေါင်း ၄၀၀ ကျော်နေထိုင်ကြသည်။

 

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဆက်လက် စစ်ရေးတင်းမာနေပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

 

လက်ရှိအချိန်တွင် ပြည်နယ်တွင်း စစ်ဘေးရှောင် တစ်သိန်းငါးသောင်ကျော်အထိ ရှိလာကာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

Author: Admin