ကျော်မျိုးအောင် | DMG
ဇွန် ၂၆ ၊ မောင်တော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ပြိုင်းတောင်မွတ်ဆလင်ကျေးရွာ၌ ဇွန်လ (၂၅)ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၁၁ လအရွယ်ကလေးတစ်ဦး သေဆုံး သွားခဲ့ရပြီး ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

“အိမ်နားမှာ သူ့ကလေးကိုချီပို့ပြီးတော့ လမ်းလျှောက်နေတဲ့အချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲသွားတာ။ ဘယ်သူပစ်တာလဲတော့မသိဘူး။ တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး”ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

ဖခင်ဖြစ်သူ ဦးမာမတ်အီနုစ် အသက် ၂၇ နှစ်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယခင်ကလည်း ယင်းသို့လက်နက်ကြီးကျရောက်မှုများကြောင့် ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက်၊ ဖုံညိုလိပ်၊ သရက်ပြင်၊ ဆင်သေပြင် စသည့်ကျေးရွာများ ရွာသားများ သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုသည်။

ယခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ဘူးသီးတောင်မြို့နယ် ခမီချောင်းကျေးရွာ အခြေခံပညာမူလတန်း(လွန်) စာသင်ကျောင်းကို လက်နက်ကြီးကျည်ထိမှန်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

Author: Admin