- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
- ရေနစ်မြုပ်မှုကြောင့် လယ်ဧကပျက်စီးမှု များ၍ ရခိုင်တောင်သူများ အခက်ကြုံ
ဘူးသီးတောင်မြို့နယ်တွင် တပ်ကြပ်တစ်ဦး၏ဇနီးကျည်ထိမှန်သေဆုံး
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂ ရက်နေ့က တပ်ကြပ်တစ်ဦး၏ ဇနီးမှာ ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု မိသားစုဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ထံက သိရသည်။
03 Apr 2020

မျိုးသီရိကျော် | DMG
ဧပြီ ၃ ၊ ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂ ရက်နေ့က တပ်ကြပ်တစ်ဦး၏ ဇနီးမှာ ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု မိသားစုဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ထံက သိရသည်။
သံခွေကျေးရွာတွင်နေထိုင်သည့် အသက် (၂၂)အရွယ် ဒေါ်ဖြူသိန်းချေ(ခေါ်)ဒေါ်မသန်းဝင်းသည် ဘူးသီး တောင်မြို့အရှေ့ဖက်ရှိ တပ်မ ၅၅၁ သို့ ယောကျ်ားဖြစ်သူ၏လစာကို ထုတ်ရန်သွားစဉ် ထိုတပ်ဝင်းထဲတွင် ကျည်ဆံထိမှန်သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ဖခင် လည်းဖြစ်သူ ဦးမောင်ထွန်းအေးက ပြောသည်။
“၁၁နာရီလောက်မှာ ကုလား(မွတ်ဆလင်) တစ်ယောက်က ဦးလေးသမီး သေနေတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ဒါကြောင့် ကျနော်တို့ သူ့အလောင်းကို ယူဖို့သွားတယ်။ သူတို့က ယူခွင့်မပြုဘူး။ အလောင်းကိုရဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေလည်း အကူညီတောင်းခဲ့တယ်။ ဒါပေမဲ့ လည်းကျနော်တို့ သမီးအလောင်းကို မရခဲ့ဘူး။ သူတို့က ယူလို့မရဘူးလို့ ပြောပါတယ်”ဟု ၎င်းကဆိုသည်။
အမျိုးသမီးသေဆုံးမှုဖြစ်စဉ်မှာ မှန်ကန်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။
“ကျနော့်ကို သူ့အဖေကိုယ်တိုင် ဖုန်းဆက်လာပါတယ်။ ပစ်ခတ်မှုဖြစ်တယ်ဆိုပြီးတော့ ပြောတယ်။ ဘယ်သူက ပစ်ခတ်လဲဆိုတာတော့ ကျနော်တို့ အသေအချာ မပြောနိုင်ဘူးလို့(ပြောတယ်)”ဟု ၎င်းကဆိုသည်။
ဖြစ်ပွားမှု အသေးစိတ်ကို သိရှိနိုင်ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။