တိမ်ညိုဆိပ်ကမ်းကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ချမ်းအေး

စိုးအောင်| DMG

ဇူလိုင် ၂၃၊ မြောက်ဦး

မြောက်ဦးမြို့နယ်၊ တောင်မြင့်ကျေးရွာသားတစ်ဦးမှာ ယနေ့ နေ့လည်ပိုင်းက ဦးခေါင်းကို သေနတ်ကျည် ထိမှန်သဖြင့် တိမ်ညိုဆေးရုံသို့ ပို့ဆောင်ထားရကြောင်း တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဦးခေါင်းဒဏ်ရာရရှိသူမှာ အသက် ၂၂ အရွယ် ကိုမောင်ကြီး (ခ) ဘိုသန်းထွန်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက မိသားစုဝင်များနှင့်အတူ တောင့်မြင့်ကျေးရွာမှ တိမ်ညိုကျေးရွာသို့ စက်လှေဖြင့်လာကြစဉ် တိမ်ညိုကျေးရွာအနီး ထောက်ပို့ဒိုင်ကွင်းရှေ့အရောက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိမ်ညိုကိုလာတဲ့အခါ တိမ်ညိုအနီး ထောက်ပို့ဒိုင်ကွင်းရှေ့ရောက်တဲ့အခါ သေနတ်နဲ့ပစ်လို့ ထိတယ်လို့ အတူပါလာတဲ့သူတွေက ပြောတယ်။ တိမ်ညိုကိုရောက်နေပြီ၊ ဆိပ်ကမ်းကို မကပ်မီဖြစ်တာ။ ဦးခေါင်းဘယ်ဘက် အခြမ်းမှာထိတာ” ဟု တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဦးခေါင်းကျည်ထိမှန်သူမှာ ဒဏ်ရာစိုးရိမ်ရသဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်လည်း သိရသည်။

သေနတ်ထိမှန်သူနှင့်အတူ ပါလာသူများမှာ ညီတစ်ဦး၊ အစ်မတစ်ဦးနှင့် ယောက်ဖဖြစ်သူတို့ ပါဝင်ပြီး အခင်းဖြစ်ပွားမှုမှာ ယနေ့နေ့လည် ၁ နာရီအချိန်ခန့်က ဖြစ်သည်ဟုလည်း သိရသည်။

 

Author: Admin