ဇောင်း(ပုဏ္ဏားကျွန်း) | DMG

ဇွန် ၈၊ ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းမြို့နယ်၊ ထောင်လောင်ပွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းတွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံး မြေကြီးထဲတွင်မြုပ်နေသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ယင်းရွာအနီးတွင် လွန်ခဲ့သည့် ဇွန်လ ၅ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာထဲသို့ ကျည်များကျရောက်စဉ် ကျန်ရှိနေခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ဘုန်းကြီးကျောင်းသို့ မည်သူမှမသွားရဲတော့ကြောင်း ဒေသခံများက ပြောကြသည်။

“ဘုန်းကြီးကျောင်းဝင်းမှာဆိုတော့ ရွာသားတွေလည်း မသွားရဲဘူး။ ကျောင်းထိုင်ဘုန်းကြီးကိုလည်း ရွာထဲကိုဆင်းလို့ သီတင်းသုံးဖို့ လျှောက်ထားရပါတယ်။ ရွာသားတွေလည်း အရမ်းစိုးရိမ်နေပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာအနေဖြင့် လက်နက်ကြီးကျည်ကို အမြန်ဆုံး ဖယ်ရှားပေးရန်လိုအပ်ကြောင်း ဒေသခံများက ပြောကြသည်။

အလားတူ တိုက်ပွဲဖြစ်ပွားသည့်နေ့က ထောင်လောင်ပွန်းကျေးရွာက အသက် ၂၇ အရွယ် ကိုစိုးမင်းသန်း ဆိုသူလည်း ပျောက်ဆုံးသွားပြီး လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း ဒေသခံ ကိုထွန်းနိုင်က ဆိုသည်။

ဇွန်လ ၅ ရက်နေ့တွင် ဂဏန်းမဲ၊ ထောင်လောင်ပွန်း၊ ဖောင်ဆိပ် စသည့်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်မှုများရှိခဲ့သဖြင့် ဂဏန်းမဲကျေးရွာက ဒေသခံတစ်ဦး သေဆုံးသွားကာ (၃)ဦး ဒဏ်ရာရရှိသွားသည်။

Author: ဇောင်း(ပုဏ္ဏားကျွန်း)