ဓာတ်ပုံ - ကိုမျိုးလွင်(အမ်း)

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၂၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာတွင် ဒီဇင်ဘာ၂၈ ရက် ညနေ ၁၁ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ် ၆ လုံးပျက်စီးကာ လောက်တူ(ချင်း)စာပေနှင့်ယဉ်ကျေးမှု ရုံးလည်း မီးလောင်ရာတွင်ပါဝင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းကုန်းကျေးရွာမှ ရွာသားအများစုမှာ ယခင်ကတည်းက တိုက်ပွဲများကြောင့် အမ်းမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။

ကျေးရွာအတွင်းတွင် ရွာသားအနည်းစုသာနေထိုင်လျက်ရှိပြီး ယခုမီးလောင်မှုဖြစ်ပွားခဲ့သည်မှာ မည်သည့်အိမ်မှ စတင်ဖြစ်ပွားခဲ့သည်ကို မသိရသေးကြောင်း ရှမ်းကုန်းကျေးရွာ ရာအိမ်မှူးဦးတင်လှက ယနေ့နံနက်က ပြောသည်။

“ရွာမှာရှိတဲ့သူတွေလည်း အိပ်နေပြီဆိုတော့ ဘယ်ကနေစလောင်မှန်းမသိကြဘူး။ မီးလောင်သွားတဲ့နေအိမ်တွေ ထဲမှာ တစ်အိမ်က အဘိုးအိုတစ်ယောက်တည်းရှိပါတယ်။ ကျန်အိမ်တွေမှာတော့ မရှိပါဘူး။ အဲအဖိုးလည်း အသက်အန္တရာယ် မထိခိုက်လိုက်ပါဘူး” ဟု ဦးတင်လှက ရှင်းပြသည်။

မီးလောင်ရာတွင်ပါဝင်သွားခဲ့သည့် နေအိမ်များမှာ စစ်ဘေးတိမ်းရှောင်နေကြသူများ၏ နေအိမ်များပါဝင် သွားခဲ့ကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ဆိုသည်။

“အခုမီးလောင်သွားတာကလည်း ဘယ်နေရာကစလောင်မှန်း တစ်ယောက်မှမသိကြဘူး။ ရွာထဲမှာရှိတဲ့သူတွေ ကလည်း ထွက်မကြည့်ရဲကြဘူးလေ” ဟု ၎င်းကပြောသည်။

အမ်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဌေးက ရှမ်းကုန်းကျေးရွာအတွင်း မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်နေရာမှ စတင်လောင်ကျွမ်းခဲ့သည်ကို စုံစမ်းနေကြောင်း ပြောသည်။

ဒီဇင်ဘာလ ၂၂ နေ့ကလည်း ကျောက်တော်မြို့ပေါ်တွင် ဘတ္ထရီအိုးမှရှော့ဖြစ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင် ၇ ဆိုင် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ဆက်လက်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မင်းပြားမြို့ပေါ်၌ ကုန်စုံဆိုင်တစ်ခုမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂ အိမ်နှင့် ဂိုဒေါင်တစ်ခု မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သက်ဆိုင်ရာမီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ သို့သော်လည်း ယခုဒီဇင်ဘာ ဒုတိယလဝက်အတွင်း မြို့နယ် ၄ ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

Author: Admin