မင်းထွန်း / DMG

သြဂုတ် ၂၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် ( AA) တို့ တိုက်ပွဲဖြစ်ပွားမှုသည် ရန်ကုန်- စစ်တွေကားလမ်း အနီး၌ ဖြစ်ပွားလာခြင်းကြောင့် ခရီးသည်သွားလာမှု နည်းပါးလာသဖြင့် ခရီးသည်တင်ကားများနှင့် စစ်တွေမြို့ ကားဂိတ်တွင် ဈေးရောင်းချနေသည့် ဈေးသည်များ အခက်အခဲဖြစ်နေကြသည်။

လက်ရှိမှာ ခရီးသည်သွားလာမှု နည်းပါတာကြောင့် စစ်တွေ - ကျောက်တော် - မြောက်ဦးတို့ကို ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ အခက်အခဲဖြစ်သလို ခရီးသည်တင်ကားများကို မီခိုပြီး ရောင်းချနေသည့် ဈေးသည်များ အနေဖြင့် အခက်အခဲများဖြစ်သည်ဟု ထမင်းဆိုင်ရောင်းချနေသူ ဒေါ်မနီ ကပြောသည်။

“ကားသမားတွေကလည်း ကားမှာ လူမရဘူးဆိုရင် မထွက်ရတဲ့နေ့တွေ များတယ်။ ကားတွေမှာ လူရမှ နည်း နည်းပါးပါး ရောင်းလို့ကောင်းတယ်။ ကားတွေမှာ လူမရဆိုလို့ရှိရင် ရောင်းလို့ မကောင်းတော့ဘူး။ ခရီးသည် တွေရောက်မှ  ရောင်းရတာမှာ။ ကားတွေကို မီခိုပြီး ရောင်းစားနေတာမှာ ကားတွေမှာ စီးမယ့်လူတွေမှ မရောက်ဘူးဆိုရင် မရောင်းရတော့ဘူး” ဟု သူက ဆိုသည်။

ယင်းအပြင် ရန်ကုန် - စစ်တွေကားလမ်းတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်နေသဖြင့် ခရီးသည်တင် ယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များစိုးရိမ်နေကြပြီး လက်ရှိ ခရီးသည်အများစုမှာ ကားလမ်းခရီးဖြင့် မသွား ရဲကြသည့်အတွက် ရေကြောင်းခရီးဖြင့် သွားလာကြသည်ဟု သိရသည်။

ယင်းကဲ့သို့ မိုင်းပေါက်ကွဲမှုများကြောင့် ခရီးသည်တင် ယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များသည် စိုးရိမ်စိတ်များနှင့် သွားလာရသည်ဟု မြောက်ဦး- စစ်တွေ ကား ပြေးဆွဲနေသည့် အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

“သွားရတာက နေ့စဉ်နဲ့အမျှ အခက်အခဲရှိတယ်။ သွားရတာက အသက်ကို စွန့်ပြီးသွားနေရတယ်။ ဘာကြောင့် လဲဆိုတော့ လမ်းတွေမှာ မကြာခဏ တိုက်ပွဲဖြစ်တယ်၊ မကြာခဏ တားဆီးစစ်ဆေးမှုတွေရှိတယ်။ ခရီးသည် တွေကလည်း အရင်လို မလိုက်ရဲကြတော့ဘူး” ဟု သူကဆိုသည်။

ယခင်တိုက်ပွဲမဖြစ်ပွားသည့်ကာလတွင် မြောက်ဦးမှ စစ်တွေမြို့သို့ ပြေးဆွဲနေသည့် ကားအများအပြားရှိခဲ့ သော်လည်း ယခုအခါ တိုက်ပွဲများ၊ မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်နေသဖြင့် ခရီးသည်တင်ကား အနည်းငယ်သာ ပြေးဆွဲနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မြေပုံမြို့နယ် ၊ ကြာအင်းတောင်ကျေးရွာအလွန်၌ ခရီးသည်တင်ကား တစ်စီးကို မိုင်းထိမှန်ခဲ့သည်။ သို့သော် ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ပေ။

 

Author: Admin