သီဟ | DMG
ဇန်နဝါရီ ၈ ၊ ငပလီ

ရခိုင်ပြည်နယ်၏ အထင်ကရကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေရှိရာ ငပလီမြို့ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုနှင့် ညဈေးတန်းတစ်ခုကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ်တာဝန်ခံ ဦးရဲအောင်မိုးကပြောသည်။

အဆိုပါ ယာဉ်ရပ်နားစခန်းနှင့် ညဈေးတန်းတို့ကို သံတွဲမှ ငပလီသို့ လာရာလမ်းရှိ နန်းချောင်းရပ်ကွက်အနီး၊ ယခင်စက်မှုဝန်ဝန်ကြီးဌာနမှ ပိုင်ဆိုင်သော ဧကထောင်ကျော်ရှိသည့် ရော်ဘာရိုင်းခြံ၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း သူကဆိုသည်။

“လက်ရှိမှာ ရော်ဘာတွေက အရိုင်းတွေဖြစ်သွားပြီးတော့ အစေးလည်းမထွက် အလုပ်လည်း မလုပ်တော့ဘူးဆိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေဆီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြန်တောင်းဖို့ ညှိနှိုင်းတာတွေလုပ်နေတယ်။ ဒီအစဉ်အစဉ်ကို နိုင်ငံတော်သမ္မတရုံးကိုလည်း တင်ပြပြီးသွားခဲ့ပါပြီ။ သမ္မတရုံးကလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ဖို့ အကြောင်းပြန်ကြားထားပါပြီ” ဟု ဦးရဲအောင်မိုးကရှင်းပြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ မြေနေရာကိစ္စညှိနှိုင်းမှုပြီးစီးသည်နှင့် အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း သူကဆိုသည်။

လက်ရှိငပလီမြို့တွင် ယာဉ်ရပ်နားကွင်းမရှိသေးပဲ သံတွဲမြို့ရှိ ဒွာရာဝတီ ယာဉ်ရပ်နားကွင်းကိုသာ အားထားနေကြရကြောင်းနှင့် အဆိုပါယာဉ်ရပ်နားကွင်းမှာလည်း ဧရိယာကျဉ်းသည့်အတွက် နေရာအခက်ခဲတချို့ရှိနေကြောင်း ငပလီမြို့ဒေသခံ ကိုသစ်လွင်ဖြိုးကပြောသည်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့မြို့မှာ သပ်သပ်ရပ်ရပ်ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ယာဉ်ရပ်နားကွင်း တစ်ခုတော့ ရှိစေချင်တာပေါ့။ အရင်ကမရှိခဲ့လည်း ဘာမှမဖြစ်ပေမယ့် အခုနောက်ပိုင်းကျတော့ ဖွံ့ဖြိုးလာတာနဲ့အမျှ ကားတွေများလာတော့ အဆင်မပြေမှုတွေကြုံတွေ့ရတာပေါ့”ဟု သူကဆိုသည်။

ထို့အပြင် ငပလီမြို့တွင် ညဈေးတန်းတစ်ခုသာ ဖွင့်လှစ်နိုင်မည်ဆိုပါက နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်သည့်အပြင် ဒေသခံများအတွက်လည်း ဝင်ငွေတိုးလာစေနိုင်မည်ဖြစ်ကြောင်း သူကထပ်လောင်း ပြောကြားခဲ့သည်။

“ညဈေးတန်းရှိလာရင် ခရီးသွားတွေကို ဆွဲဆောင်တဲ့အထင်ကရ နေရာလေးတစ်ခုဖြစ်လာနိုင်တာပေါ့။ ဘာလို့လဲ ဆိုတော့ အဲ့ဒီမှာ ဒေသကထွက်တဲ့ ပင်လယ်ထွက်ပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေ၊ သဘာဝ အလျှောက် လုပ်ထားထားတဲ့ ရခိုင်မုန့်တွေကို ရောင်းပြီး ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လာနိုင်အောင် လုပ်လို့ ရတယ်လေ” ဟု ကိုသစ်လွင်ဖြိုးကဆိုသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ရခိုင်ပြည်နယ်ရုံးခွဲ) အနေဖြင့်လည်း ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငပလီမြို့အပြင် အခြားမြို့နယ်များတွင်လည်း ခရီးသွားအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါရုံးမှ သိရသည်။

Author: Admin