ဓါတ်ပုံ - ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က မင်းပြားမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်ပုံ။ Photo - Nyi Gyi

ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၂၄ ၊ စစ်တွေ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျောက်တော်မြို့တွင် ဈေးဆိုင်များနှင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က မင်းပြားမြို့တွင် အိမ်နှစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မ ရဲစခန်းထံမှ သိရသည်။

ကျောက်တော်မြို့တွင် မီးလောင်းပျက်စီးသွားသည့် ဆိုင်ခန်းများမှာ ဦးမောင်လှထွန်းတွင် ဆံပင်ညှပ်ဆိုင် (၂) ဆိုင်၊ ဒေါ်စိုးမိုးသန်းတွင် ရွှေဆိုင် (၁) ဆိုင်၊ ဦးစိုးမင်းတွင် ပန်းထိမ်လုပ်ငန်းဆိုင် (၁)ဆိုင်၊ ဦးတင်ရွှေတွင် ယမကာဆိုင် (၂) ဆိုင်နှင့် ဦးအောင်မင်း ဖုန်းပြုပြင်ရေးဆိုင် (၁) ဆိုင်တို့ဖြစ်ကြောင်း ဆိုင်ရှင်များထံမှသိရသည်။

“ပျက်စီးသွားတာကတော့ ကျ‌နော့်မှာဆိုရင် သိန်း(၅၀) လောက်ပါသွားတယ်။ ဆိုင်ခန်းပိုင်ရှင်တွေ အကုန်လုံးဆိုရင် သိန်း (၆၀၀) လောက်ပါသွားတယ်။ ဘာဖြစ်လို့ မီးလောင်းသွားတယ်ဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ နောက်ပြီးတော့ ကျောက်‌တော်မှာက ညအမိန့်မထွက်ရအမိန့်လည်း ထုတ်ထားတော့ ဆိုင်ခန်းမှာက လူတွေက မအိပ်ကြဘူး” ဟု ဆံပင်ညှပ်ဆိုင် ပိုင်ရှင် ဦးမောင်လှထွန်းက ပြောသည်။

ဆံပင်ညှပ်ဆိုင်တွင် ဘက္ထရီအိုးရှော့ဖြစ်ရာကနေ စတင်၍ မီးလောင်ခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင်က ပြောသည်။

မင်းပြားမြို့တွင် အလယ်ပိုင်းရပ်ကွက်၊ မင်းပြားဈေးကြီးအနောက်တောင်ဘက် ကိုက် ၂၀၀ အကွာတွင် အိမ်နှစ်ဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်သွားသည့် နေအိမ်ပိုင်ရှင်မှာ ဦးမောင်ဖြူချေဖြစ်ပြီး ဖြစ်စဉ်မှာ စားသုံးကုန်များထားရှိသော ဂိုဒေါင်ထဲတွင် ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်းသွားခြင်းဖြစ်ကြောင်း မင်းပြားမြို့မရဲစခန်းမှ ဒုရဲမှူး အောင်မြသန်း က DMG သို့ အတည်ပြုပြောဆိုသည်။

“ဖြစ်တာကတော့ စားသောက်ကုန်တွေထားတဲ့ ဂူတောင်ထဲကနေ ဝါယာကြိုးရှော့ဖြစ်တော့ လောင်တာ။ အဲဒီ ဂိုဒေါင်ဘေးက ထမင်းဆိုင်တစ်ဆိုင်ပါသွားတယ်။ မီးက ၈ နာရီလောက်မှာ မီးကိုငြိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ကတော့ ရဲဥပဒေအရ အမှုဖွင့်ဆောင်ရွက်ထားတယ်”ဟု ၄င်းကရှင်းပြသည်။

ကျောက်တော်မြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း လူနေအိမ်နှစ်လုံးနှင့် လဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ဖူးသည်။

Author: Admin