ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ချမ်းအေး | DMG
ဇွန် ၂၄၊ စစ်တွေ
မြောက်ဦးမြို့နယ်၊တင်းထိန်ကန်ကျေးရွာက လူငယ် (၂)ဦးဖမ်းဆီးခံနေရပြီးနောက်ပိုင်း မိသားစုဝင်များနှင့် အဆက်အသွယ်မရလို သတင်းအစအနကို မကြားရသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေကြသည်။
အသက် ၁၉ နှစ်အရွယ် မျိုးဟိန်းဆွေ (ခေါ်) ညီထွေးနှင့် အသက် ၂၁ အရွယ် စောမောင်သန်းတို့သည် ဇွန်လ ၂၂ ရက်နေ့က အဖမ်းခံနေရခြင်းဖြစ်သည်။ မျိုးဟိန်းဆွေတို့ မိသားစုသည် ဆန်စက်လုပ်ငန်းလုပ်ကိုင်သည်။ ထို့ ကြောင့် ငွေလိုအပ်သဖြင့် မြောက်ဦးမြို့ထဲသို့ ငွေထုတ်ယူရန် သူတို့နှစ်ဦး သွားရောက်စဉ် အောက်သားကန် ကျေးရွာနှင့် ဝေသာလီကျေးရွာအကြားတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မျိုးဟိန်းဆွေ၏ဖခင် ဦးမောင်သိန်းလှ က DMG ကိုပြောသည်။
“သူ့ကို ငွေထုတ်ဖို့ ခိုင်းလိုက်တယ်။ အဲတော့ သူ့မှာ သူငယ်ချင်းတစ်ယောက်ကိုပါ ခေါ်ယူသွားတယ်။ ဝေသာလီ နားမှာထင်တယ်။ သူတို့ကိုဖမ်းပြီး သတ်နေတယ်ဆိုပြီး ဖုန်းတွေရောက်လာတယ်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် သူ့သားကို ဖုန်းဖြင့်ဆက်သွယ်ကြည့်ရာ ဖုန်းကိုင်ဖြေဆိုခြင်းမရှိသဖြင့် မိသားစုဝင်များ လိုက်လံ ရှာဖွေရာတွင် ပေါက်တောပြင်ကျေးရွာအနီးတွင် သူ့သားဆိုင်ကယ်ကိုသာ တပ်မတော်သားများစီး၍ တွေ့ရှိ ခဲ့သည်ဟု ဦးမောင်သိန်းလှက ပြောသည်။
“အဲဒီတော့ ကျနော်တို့ သားနဲ့တွေ့ဖို့ ကြိုးစားတယ်။ အုပ်ချုပ်ရေးမှူးကို အကူအညီတောင်းတယ်။ သူက (တပ်မတော်)ကို သွားပြောတော့ တွေ့ဖို့ မလိုဘူး။ သူတို့ AA ဆိုပြီး ဝန်ခံထားတယ်လို့ ပြောတယ်တဲ့။ ကျနော်တို့သားက အခုမှ အသက် ငယ်ငယ်လေးပဲ။ ညအိပ်ညနေလည်း ဘယ်မှမသွားဘူး။ ကိုယ့်အိမ်မှာပဲ ကလေးတစ်ယောက်လိုနေတာ။ နောက်တစ်ယောက် ကလည်း မိသားစုနဲ့ အတူနေတာ။ သတ်လို့ ပုတ်လို့မေးတော့ ဝန်ခံချင်လည်း ခံလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
မိုင်းဖောက်ခွဲမှု သံသယဖြင့် တပ်မတော်က ဖမ်းဆီးထား
ယင်းနေ့၊ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းမ ကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်(AA)ဘက်က ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ သည်။ မိုင်းဖောက်ခွဲခဲ့သည့်နေရာတစ်ဝိုက်အား စစ်ဆေးစဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးနှင်လာသူ ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ပြီး အဆိုပါ ၂ ဦးအား ဝေသာလီကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန် သည်။
သူတို့ ၂ ဦးအား စစ်ဆေးခဲ့ရာ မိုင်းဖောက်ခွဲခဲ့သူများ ဖြစ်ကြောင်းသိရှိရပြီး ဆိုင်ကယ်တူးဘောက်အတွင်း၌ ကျေးရွာများမှ ဆက်ကြေးကောက်ခံထားသော မှတ်တမ်းစာအုပ် ၁ အုပ်၊ AA နှင့် Video Call ပြောနေစဉ် ရိုက်ကူးသည့် Screen Shotsမှတ်တမ်းဓာတ်ပုံပါရှိသော ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိသားစု တုန့်ပြန်ချက်
မျိုးဟိန်းဆွေတို့ မိသားစုသည် ဆန်စက်လုပ်ငန်းကို အဓိကလုပ်ကိုင်သဖြင့် ဆန်ဝယ်သူများ၏ စာရင်းများနှင့် စစ်ဘေးရှောင် စခန်းများသို့ လှူဒါန်းသည့် စာရင်းစာရွက်များသည် သူ့လက်ထဲတွင်ရှိနေသည်။ ထို့ကြောင့် ဆိုင်ကယ်တူးဘောက်အတွင်း၌ တွေ့ရှိသည့် မှတ်တမ်းစာအုပ်များမှာ တပ်မတော်က ထုတ်ပြန်သကဲ့သို့ ဆက်ကြေး ကောက်ခံထားသည့် စာအုပ်မဟုတ်ဟု သူ့အစ်ကို မင်းမျိုးဆွေက ပြောသည်။
“ကျနော့်မှာ ဆန်စက်လုပ်ငန်း လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ကျနော်တို့ ဆန်တွေကို ဘယ်သူ့ကို ဘယ်လောက် ရောင်းထားတယ်။ အဲဒီစာရင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီဆိုင်ကယ်ဘောက်မှာ ဆန်နမူနာတွတောင် ပါသွားသေးတယ်။ အဲဒီစာရင်းစာအုပ်ဟာ လုံးဝ ဆက်ကြေးကောက်တဲ့ ပုံစံမဟုတ်ပါ ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် AA နှင့် Video Call ပြောနေစဉ် ရိုက်ကူးသည့် Screen Shots မှတ်တမ်းဓာတ်ပုံ ဆိုသည်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ ခန့်ကပင် ပျောက်ဆုံးသွားသည့် သူငယ်ချင်းနှင့် ယခု အဆက်အသွယ်ရ၍ ဖုန်းပြော စဉ် ရိုက်ကူးထားသည့်ပုံ ဖြစ်နိုင်သည်ဟု ၎င်းကဆက်လက်ဆိုသည်။
“သူ့သူငယ်ချင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းမနည်းဆိုကတည်းပင် ရွာကနေ ပျောက်သွားတယ်။ အဲဒါ သူ့မှာ ငယ်သူငယ်ချင်းလည်း ဖြစ်တဲ့အတွက် ဖုန်းနဲ့စကားပြောရတော့ သူ့ဓာတ်ပုံကို သိမ်းထားတာ ရှိကောင်း ရှိနိုင်တယ်” ဟု မင်းမျိုးဆွေက ပြောသည်။
အဆိုပါဖမ်းဆီးခံရသူ ၂ ဦးကို ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်း၍ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။ သို့သော် မိသားစုဝင်များ သွားရောက် ကြည့်ရှုရာတွင် ၎င်းတို့ကို ထိန်းသိမ်းထား၍ မရှိကြောင်း ရဲတပ်ဖွဲ့က တုန့်ပြန်လိုက်သည်ဟု မျိုးဟိန်းဆွေ၏ အစ်ကို မင်းမျိုးဆွေက ပြောသည်။
၎င်းတို့နှစ်ဦးသည် AA နှင့်ပတ်သက်မှုမရှိပေ။ သို့သော် ဖမ်းဆီးခံနေရသည်။ ဖမ်းထားသည့် သတင်း မှန်ကန်သော်လည်း ၎င်းတို့၏ သတင်းအစအန လုံးဝမရရှိသဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်ဟု မိသားစု ဝင်များက ဆိုကြသည်။
“စိုးရိမ်ပူပန်မှုကတော့ ကျနော်တို့မိသားစုအနေနဲ့ အပြစ်မရှိတဲ့ ကျနော်ညီလေးတစ်ယောက်နဲ့ အပေါင်းအပါ တစ်ယောက်ကို ဖမ်းထားတာကလည်း ၂၁ ရက်နေ့ကတည်းက ဖြစ်တဲ့အတွက် သေလား၊ပျောက်လား။ ဘယ်လို အနေအထားမျိုးရှိလဲ ဆိုတာကို သိချင်တဲ့ အနေအထားတစ်ခုရှိပါတယ်”ဟု မင်းမျိုးဆွေက ဆိုသည်။




