ချလူးအောင်/DMG

ဇူလိုင် ၂၃၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာ ဒေသခံများကို တပ်မတော်က စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကျောင်းဆရာမတစ်ဦးကို ဆက်လက် စစ်ဆေးမှုပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

နံနက်ပိုင်းတွင် ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိလာကာ ရွာသား (၈၀၀) ခန့်ကို ဓမ္မာရုံတွင် စုခိုင်းပြီး အိမ်ထောင်စုစာရင်းများကို စစ်ဆေးမှုပြုလုပ်ကာ နေ့လယ် ၁၂ နာရီခန့်တွင် ပြန်လွှတ်လိုက်သည်။

“ဒီနေ့ နံနက်က စစ်ကြောင်း တစ်ခု ရောက်လာတယ်။ ရွာသားတွေကို ဓမ္မာရုံမှာ စုခိုင်းတယ်။ အိမ်ထောင်စုတွေ စစ်တယ်။ နေ့လယ် ၁၂ နာရီက ပြန်လွှတ်တယ်။ ကလေးအမေ ကျောင်းဆရာမ ဒေါ်မြသိန်းတန်တော့ ဖမ်းဆီးထားလိုက်တယ်။ အခုထိ ပြန်မလွတ်ပေးသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ဆေးခံနေရသည့် ဆရာမသည် အသက် (၃၃)နှစ်အရွယ် ကလေးမိခင်တစ်ဦးဖြစ်ပြီး ရန်အောင်ပြင် ဇာတိဖြစ်ကာ ရသေ့တောင်မြို့နယ်၊ နော်ဝေကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

“တပ်ရင်း ၅၃၇ က ဖုန်းဆက်အကြောင်းကြားလာတယ်။ ဖမ်းတာတော့မဟုတ်ဘူး။ စစ်ဆေးနေတယ်လို့ အကြောင်းကြားလာပါတယ်”ဟု ရသေ့တောင်မြို့နယ်ပညာရေးမှူး ဦးကျော်မြက DMG ကိုပြောသည်။

ရန်အောင်ပြင်ကျေးရွာသည် ရသေ့တောင်မြို့တစ်ဖက်ကမ်းတွင် မယူမြစ်ခြားလျက် တည်ရှိသည်။ ယင်းရွာအနီး ပြာပင်ရင်းရွာတွင် ကျောက်ချရပ်နားထားသည့် တပ်မတော်ရေသင်္ဘောတစ်စီးကို ဇူလိုင်လ ၂၀ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)ဘက်က တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်အမှုအပြီး ရန်အောင်ပြင်ကျေးရွာကို တပ်မတော် က ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခြင်းဖြစ်သည်။

တပ်မတော်ရေယာဉ်တစ်စီး ပစ်ခတ်ခံရပြီးနောက် ရေယာဉ်က ပစ်ခတ်မှုများပြုလုပ်သောကြောင့် ပြာပင်ရင်း၊ ဈေးကုန်တန်း၊ ခတောက်ချောင်းစသည့် ကျေးရွာ (၅)ရွာခန့်က ဒေသခံများ (၄၀၀၀) ကျော်ခန့်သည် လုံခြုံရေး စိုးရိမ်မှုကြောင့် တခြားကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြသည်။

 

Author: Admin