
ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၂၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ယခုနှစ် ၂၀၂၀ အတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၂၀ ဖြစ်ပွားခဲ့ပြီး ၂၀၁၉ နှင့် နှိုင်းယှဉ်ပါက သုံးဆအထိ မြင့်တက်လာကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ-LCM) ၏ စာရင်းများအရ သိရသည်။
ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ - LCM) ထံသို့ တိုင်းတန့်လာသည့် စာရင်းများအရ သက်ငယ်မုဒိမ်းမှုများမှာ ၂၀၁၉ ခုနှစ်တွင် ၅ မှုသာ ရှိသော်လည်း ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ အမှုပေါင်း ၂၀ အထိရှိကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ - LCM) ၏ ရခိုင်ပြည်နယ်အဖွဲ့ခွဲထံမှ သိရသည်။
မိန်းကလေးအား ကျူးလွန်သည့် အမှု (၁၉) မှုနှင့် ယောကျာ်းလေးအား ကျူးလွန်သည့် အမှုတစ်ခုဖြစ်ပြီး အသက်ရွယ်အားဖြင့် ၄ နှစ်မှ ၁၅ နှစ်အတွင်း ဖြစ်ကြောင်း LCM ၏ ရခိုင်ပြည်နယ် တာဝန်ခံ ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။
“အဓိကတော့ ဆွေမျိုး၊ အိမ်ချင်းနီးစပ်သူတွေ၊ တကယ်ကို ခင်မင်ကြတဲ့သူတွေ၊ တနည်းအားဖြင့်ဆိုရင် ရင်းနှီး ကျွမ်းဝင်သူတွေက ကျူးလွန်တာ ပိုများတယ်။ အဲဒါတွေမှာ ဦးလေးတွေ၊ တူရီးတို့ အဘိုးတို့ ကျူးလွန်တာတို့ ပါတယ်။ ” ဒေါ်မြသူဇာက ပြောသည်။
စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်တွင် သက်ငယ်မုဒိမ်းမှု အဖြစ်များဆုံးဖြစ်ပြီး စစ်တွေခရိုင် (LCM) ရုံးတွင် ၁၁ မှု၊ ကျောက်ဖြူခရိုင် (LCM) ရုံးတွင် ၉ မှုအထိ ရှိပြီး တရားခံမိထားသည့် အမှု ၁၆ မှုနှင့် တရားခံပြေးနေသည့် အမှု ၄ မှုရှိနေသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများမှာ မိသားစုဝင် ဖြစ်နေခြင်း၊ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်နေခြင်းတို့ကြောင့် အရှက်ရမည်ဟုဆိုကာ အမှုဖွင့်တိုင်တန်းခြင်းမပြုဘဲ မိသားစုအချင်းချင်း ပြေလည်မှုများရှိကြောင်း ဥပဒေကုစားရေးရာအဖွဲ့ (မြန်မာ) က ပြောသည်။
ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့မှ ဥက္ကဌ ဒေါ်စောစံငြိမ်းသူကလည်း “ ရခိုင်မှာက ကိုဗစ်ဖြစ်နေတယ်။ တဖက်မှာ တိုက်ပွဲတွေလည်းဖြစ်နေတော့ လူတွေက စီးပွားရေးအခက်အခဲ အကျပ်အတည်းမျိုးစုံကြားထဲက ရုန်းကန်းနေရတယ် အခြေအနေထဲမှာ ကိုယ့်သားသမီးတွေကို ဂရုမစိုက်နိုင်တဲ့ အခြေအနေတွေမှာ အခုလိုဖြစ်တာဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။
ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ - LCM) ၏ ရခိုင်ပြည်နယ်အဖွဲ့ခွဲထံမှ ရရှိသော စာရင်းများအရ ၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း သက်ငယ်မုဒိမ်းမှု ၆ မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။




