ခိုင်မင်းညို၊ DMG

ဇူလိုင် ၁၃၊ ရန်ကုန်

ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားနေကြသော တပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့ ၏ တိုက်ပွဲများ ရပ်တန့်ပေးရန် ချင်းတိုင်းရင်းသားများသည် ဇူလိုင်လ ၁၃ ရက် က ရန်ကုန်မြို့တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

အဆိုပါ တိုက်ပွဲများကြောင်း ပလက်ဝမြို့နယ်အတွင်းနေထိုင်ကြသည့် ချင်းလူမျိုးများသာမက ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော ချင်းလူမျိုးတို့မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း လက်ရှိအချိန် ပလက်ဝမြို့နယ်၌  စာသင်ကျောင်း ၁၁၈ ကျောင်း ပိတ်ပင်ထားရပြီး ဆရာ၊ ဆရာမ အခက်အခဲဖြစ်နေသော ကျောင်း ၉၀ ကျော်ရှိကြောင်း ဦးဆောင်ဆန္ဒပြသူများ ကဆိုကြသည်။

“ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်မဖော်ရဘဲ ကျောင်းသားလေးတွေဟာ တိုက်ပွဲကြားမှာ အလန့်တကြားနဲ့ပြေးနေကြရတယ်။ လက်နက်ကိုင်ပြီးတော့ တိုက်ပွဲတွေဆင်နွဲကြတဲ့ အခါ တကဲ့တကယ် ထိခိုက်နစ်နာနေသူတွေဟာ ပြည်သူတွေဖြစ်တယ်။ နောက်နှစ်တွေအတွက် အလုပ်လုပ်နေရမယ့်အချိန်ဖြစ်ပေမယ့် အချိန်မှာ သူတို့အသက်တွေကိုလုပြီးတော့ ပြေးနေရပါတယ်”  ဦးဆောင်ဆန္ဒပြရာတွင် ပါဝင်သူ မိုင်သင်းယုမွန် က ပြောသည်။

ထို့အပြင် ပလက်ဝမြို့နယ် အတွင်း၌ တိုက်ပွဲဖြစ်ပွားရာ ၄ နှစ်ကျော်ကာလအတွင်းမှာ မြေမြှပ်မိုင်း ထိခိုက်သူ ၁၀ ခန့်ရှိပြီး ၊ မြေမြှပ်မိုင်းကြောင့် ၂ ဦး သေဆုံးသွားခဲ့ရကြောင်း၊ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်သည့် ကျေးရွာပေါင်း ၉ ရွာ ကြောင်း ၄င်းဆက်၍ ရှင်းပြသည်။

ဆန္ဒပြရာတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရရှိရေး၊ အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ချုပ်ဆိုထားသော ပြည်ထောင်စုအဆင့် သဘောတူညီစာချုပ် အပိုဒ် (၈) (ဂ) ပါအတိုင်း အကောင်အထည်ဖော်ပေးရေး ၊ AA အဖွဲ့မှာ ခေါ်ဆောင်သွားသည့် ချင်းတိုင်းရင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ပလက်ဝမြို့နယ် အပါအဝင် တစ်နိုင်ငံလုံး၌  တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရေး၊ တိုက်ပွဲများအစား နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးဖော်ဆောင်ပေးရေး၊ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူညီများ အမြန်ဆုံးရရှိရေး  စသည်ဖြင့် တောင်းဆိုခဲ့ကြသည်။

ယင်းအပြင် ပြည်တွင်းပြည်ပ ချင်းအရပ်ဖက်အဖွဲ့အစည်း ၃၀ ခန့် က ချင်းပြည်နယ်အစိုးရအနေဖြင့် အစိုးရ ၊ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအမျိုးသားတပ်ဦး၊ ချင်းအရပ်ဖက်အဖွဲ့အစည်းများပါဝင်သော စုပေါင်းအင်အားနှင့် စစ်ဘေးဒဏ်သင့် ပလက်ဝမြို့နယ် ပြန်လည်ထူထောင်ရေးအတွက် အထူးစီမံကိန်းတစ်ရပ် ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက် ပေးရန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး အနေဖြင့်လည်း ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကြား မြေစာပင်ဖြစ်နေကြသည့် ဒေသခံတိုင်းရင်းများ၏ ဘေးကင်းလုံခြုံရေးနှင့် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီများကို လုံလောက်သေရှာစွာ ရန်အတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် စသည်ဖြင့် အချက် ၈ ချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။

တပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၄ ထောင်ကျော်ရှိပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် စစ်ဘေးဒုက္ခသည် ၅ သောင်းကျော်အထိ ရှိသည်။

 

Author: Admin