
ဇော်ဇော် (မြောက်ဦး) | DMG
ဒီဇင်ဘာ ၁၆ ၊ မြောက်ဦး
(၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ပေးပို့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂုဏ်ပြုသဝဏ်လွှာကို ကမန်တိုင်းရင်းသားများ ကန့်ကွက်နေကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီ နှင့် မရမာကြီးတို့ကို ဖော်ပြခဲ့ပြီး ကမန်တိုင်းရင်းသားတို့ကို ဖော်ပြခြင်းမရှိ၍ ကမန်တိုင်းရင်းသားလူငယ်များအစည်းအရုံးမှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
“သဝဏ်လွှာပေးပို့တာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမန်ကို ဘာကြောင့် ချန်လှပ်ထားတာလဲ နားမလည်ဘူးဖြစ်နေတယ်။ ကမန်ဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာလည်းပါတယ်။ ရခိုင်ပြည်နယ်မှာလည်း တိုင်းရင်းသား ခုနှစ်မျိုးထဲမှာပါတယ်။ ခေတ်အဆက်ဆက်မှာ နေလာတဲ့ ကမန်လူမျိုးတွေကို ချန်လှပ်ဖော်ပြထားတာဟာ ဘာကိုရွယ်ရည်တာလဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကာကွယ်နေတဲ့ တပ်မတော်က ရခိုင်မှာနေထိုင်တဲ့ ကမန်ကို မသိလို့လား၊ သိသိရဲ့နဲ့ တမင်ချန်လှပ်ဖော်ပြတာလား” ဟု ကမန်တိုင်းရင်းသား လူငယ်များအစည်းအရုံး၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုရန်နိုင်စိုးက ပြောသည်။
ကမန်တိုင်းရင်းသားများသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အစိုးရကလည်း ၂၀၁၈ ခုနှစ်က လွှတ်တော်ထဲတွင် အသိအမှတ်ပြုမှုများရှိခဲ့ကြောင်း ကိုရန်နိုင်စိုးက ဆိုသည်။
“တပ်မတော်အနေနဲ့ သဘောထား ရိုးသားဖို့လိုပါတယ်။ ကမန်ကို အားလုံးက သိနေတဲ့အထဲမှာ ရခိုင်က တိုင်းရင်းသားတွေကို ဖော်ပြတဲ့အခါမှာ ကမန်ကိုသီးသန့် မလေးစားတဲ့သဘောမျိုး၊ အလေးမထားတဲ့ သဘောမျိုး၊ ပြီးတော့ တပ်မတော်ပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးအချက်နဲ့ ငြိနေတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မဆင်မခြင်ပြောဆိုမှုကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုလည်း ထိခိုက်စေတယ်” ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဥပဒေ၌ ပြဌာန်းထားသည့် တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထိုတိုင်းရင်းသားကိုဖယ်လိုက်၊ ဒီတိုင်းရင်းသားကို အလွဲသုံးစားလုပ်လိုက်ခြင်းသည် ပြည်ထောင်စု၏ မတည်ငြိမ်မှုကိုလည်း ဖြစ်စေသည်ဟု ဦးတင်လှိုင်ဝင်းက ထောက်ပြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဂုဏ်ပြုသဝဏ်လွှာတွင် ကမန်တိုင်းရင်းသားအမည်ကို ပြန်လည်ပြင်ဆင် ပြည့်စုံစွာ ဖော်ပြပေးရန် ကမန်တိုင်းရင်းသားလူမှုကွန်ယက်မှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က သဘောထားထုတ်ပြန် တောင်းဆိုထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သဝဏ်လွှာအား ကမန်တိုင်းရင်းသားများကန့်ကွက်
- Details
- ဇော်ဇော်(မြောက်ဦး)
- Hits: 226
- စစ်တွေ




