ရခိုင်ဒေသအခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် အပါအဝင် စစ်တွေမြို့မှ ရပ်မိ၊ရပ်ဖတို့ တွေ့ဆုံခဲ့ကြပြီး လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို တင်ပြခဲ့သည်ဟု တွေ့ဆုံရာတွင်ပါဝင်သည့် ဦးသန်းရွှေက ပြောသည်။

By ခိုင်ရိုးလ 15 Feb 2020

(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ခိုင်ရိုးလ | DMG
ဖေဖော်ဝါရီ ၁၄၊ နေပြည်တော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် အပါအဝင် စစ်တွေမြို့မှ ရပ်မိ၊ရပ်ဖတို့ တွေ့ဆုံခဲ့ကြပြီး လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို တင်ပြခဲ့သည်ဟု တွေ့ဆုံရာတွင်ပါဝင်သည့် ဦးသန်းရွှေက DMG သို့ပြောသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ရခိုင်အမျိုးသားတို့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ ဒေသအခြေနေကတော့ ဘူးသီးတောင်ဘက်မှာ လက်နက်ကြီးကျလို့ ကလေးတွေဒဏ်ရာရတာကို စိတ်မချမ်းသာဖြစ်နေရတဲ့ အကြောင်းတွေကို ပြောခဲ့တာတွေရှိတယ်။ ကြားကနေ ဒေသခံတွေနစ်နာတယ်။ ဒီလိုဖြစ်နေမယ်ဆိုရင် စိတ်မချမ်းသာဘူး။ ကလေးတွေထိခိုက်တယ်။ အဲဒါတွေကိုပြောဆိုခဲ့တယ်” ဟု ဦးသန်းရွှေက ပြောသည်။

ယင်းနေ့တွင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာ မူလတန်းလွန်ကျောင်းကို ကျည်ဆန်ထိမှန်သွားသဖြင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဓိကဆွေးနွေးသည့်အကြောင်းများမှာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းထားသည့် သာသနာ့ဗိမာန်တော်ကြီးကိစ္စ၊ ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး ဥူးစန္ဒြမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏လှူဒါန်းမြေတွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အခြားသော သာသနိကအဆောက်အဦများ ဆောက်လုပ်လှူဒါန်းမှုပြုလုပ်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု တွေ့ဆုံရာတွင်ပါဝင်သူများထံမှ သိရသည်။

ထို့ပြင် စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

“ လူမှုဖွံ့ဖြိုးမှုလုပ်ငန်းကတော့ ကျနော်တို့ဒေသမှာ လုပ်ငန်းတွေမရှိတဲ့အတွက် စက်ရုံ၊ အလုပ်ရုံတွေရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်”ဟု ဦးသန်းရွှေက ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ စစ်တွေမြို့မှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနို့အောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့ တက်ရောက်ခဲ့ကြသည်။