နှင်းနွယ် | DMG
ဖေဖော်ဝါရီ ၁၆၊ စစ်တွေ
မင်းပြားမြို့နယ် ၊ရာမောင်တံတားအနီးတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရန်ကုန်-စစ်တွေခရီးသည်တင်ကားများနှင့် ကုန်ကားစုစုပေါင်း (၃၀၀)ကျော် ပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကပင် ဖြစ်ပွားသောတိုက်ပွဲကြောင့် ကားဖြတ်သန်းသွားလာမှု ရပ်ဆိုင်းထားရခြင်းဖြစ်သည်။
ယနေ့ နံနက် (၁၀)နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသောကြောင့် ကားဖြတ်သန်းသွားလာခွင့်ရရှိသော်လည်း ယင်းနောက်ပိုင်းတွင် ပစ်ခတ်မှုများထပ်မံပေါ်ပေါက်လာသဖြင့် ကားသွားလာမှုရပ်ဆိုင်းထားရသည်ဟု ယာဉ်မောင်းများထံက သိရသည်။
“ဟိုဖက် ဒီဖက်အပြန်အလှန်သွားနေကြပြီး ခဏအကြာမှာ ပစ်ခတ်မှုတွေရှိနေလို့ ကားတွေရပ်နားနေရတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
ကားလမ်းများပိတ်ထားသည့်အတွက် ကားသမားများနှင့် ခရီးသည်များအတွက် လိုရာခရီးရောက်ရန် ကြန့်ကြာမှုများရှိသည့်အတွက် ဆုံးရှုံးနစ်နာသည်ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမောင်သန်းက ပြောသည်။
“ ခရီးသည်တွေထဲမှာဆိုလည်း အချိန်နဲ့သွားနေရတဲ့လူတွေ လည်းရှိတယ်။ ဒီနေ့သွားရင် မနက်ဖြန်ရောက်ရမယ်ဆိုပြီး အချိန်အကန့်အသတ်နဲ့ သွားတဲ့လူတွေလည်း ရှိတယ်။ နိုင်ငံခြားခရီးစဉ်သွားရမယ့် သူတွေလည်းပါတယ်။ သူတို့တွေဆိုလည်း မသွားရသေးဘူး။ ကုန်ကားတွေဆိုလည်း အချိန်နဲ့မောင်းနေရတာ။ ကုန်ကားတွေအချိန်တိုင်းမဝင်နိုင်ရင် ဆုံးရှုံးမှုတွေက များတာပေါ့”ဟု ၄င်းကဆိုသည်။
ထိုသို့ ကားများပိတ်မိနေသဖြင့် ခရီးသည်များမှာ နေထိုင်ရေးနှင့်စားရေးသောက်ရေးအခက်အခဲပေါ်နေပြီး တစ်ချို့ခရီးသည်များကို အနီးအနားရှိကျေးရွာများက ထမင်းကျွေးမွေးထားသည်ဟု ဒေသခံများထံက သိရသည်။
ဆက်စပ်သတင်းများ -
- မင်းပြားတွင် တပ်မတော်၏စစ်ဆေးမှုခံရသည့် အရပ်သားမှာ ဒဏ်ရာများရ
- ရန်ကုန်-စစ်တွေကားလမ်းပိုင်းတချို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ စိုးရိမ်နေ
- မောင်တော-အငူမော်ကားလမ်းတွင် ၈ တန်အထက် ကုန်ကားများကို သွားလာခွင့်ပိတ်ပင်မည်




