
ခိုင်မင်းညို၊ DMG
ဇူလိုင် ၁၅ ၊ ရန်ကုန်
စင်္ကာပူ နိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်၍ ရန်ကုန်သို့ရောက်ရှိလာသူ ၂ ဦးနှင့်အတူ ယာဉ်မောင်း ၁ ဦးတို့ ဖမ်းဆီးခံရသည်မှာ ၅ ရက်ရှိပြီဖြစ်သော်လည်း ၄င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးပေ။
ပြည်နှင်ဒဏ်အပေးခံသည့် ရခိုင်အသင်း(စင်္ကာပူ) မှ ခေါင်းဆောင်များဖြစ်သည့် ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန် (ခ) မေကြီး တို့နှင့်အတူ ရန်ကုန်၊ သာကေတမြို့နယ်နေ ကိုမြတ်လင်းဦး (ယာဉ်မောင်း) တို့သည် ဇူလိုင်လ ၁၁ ရက်နေ့၌ နေပြည်တော်အနီးတွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်းဖြစ်သည်။
ယင်းသို့ ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မိသားစုဝင်များအား သက်ဆိုင်ရာက အကြောင်းကြားလာခြင်းမရှိသေးကြောင်း၊ သို့သော်လည်း ၄င်းတို့ သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး အောင်သပြေရဲတပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသဖြင့် မိသားစုဝင်များသည် ဇူလိုင် ၁၅ ရက်နေ့က သွားရောက်ကာ တွေ့ဆုံးခွင့်တောင်းခဲ့သော်လည်း မရရှိခဲ့ကြောင်း မိသားစုဝင်များ ကဆိုကြသည်။
“အောင်သေပြေစစ်ကြောရေးမှာ ရှိတယ်လို့ အသံကြားလို့ ကျွန်တော်တို့ ဒီနေ့သွားတာ အဲဒီကတော့ မရှိဘူးလို့ပြောလိုက်တယ်။ ဆိုတော့ SB ရုံးချုပ်ကို သွားတယ်။ ကျနော်တို့ တွေ့ချင်တယ်လို့ပြောတော့ ခဏစောင့်နေလို့ပြောတယ်။ ပြီးတော့ တွေ့လို့မရဘူးလို့ ပြောလိုက်တယ်” ဟု ဖမ်းဆီးခံထားရသူ ကိုတင်လှိုင်ဦး ၏ ဖခင်ဖြစ်သူ ဦးထွန်းတင်လှိုင်က DMG ကိုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲသတင်းမှန်ပြန်ကြားရေး အဖွဲ့အား ဆက်သွယ်မေးမြန်းသော်လည်း လက်ခံ ဖြေကြားခြင်းမရှိပေ။
ကိုတင်လှိုင်ဦးနှင့် မမေကြီး တို့နှစ်ဦးမှာ ရက္ခိုင့်တပ်တော် (AA) အား ထောက်ပံ့နေသည်ဟု သံသယဖြင့် စင်္ကာပူ အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးပြီး ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
ထို့အပြင် စင်္ကာပူနိုင်ငံ၌ ဖမ်းဆီးစစ်ဆေးခံရပြီး ပြည်နှင်ဒဏ်ပေးခြင်းခံရသည့် ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရမှုများရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
၎င်းတို့နှစ်ဦးအပါအဝင် AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ အောင်မြတ်ကျော်နှင့် တခြားသုံးဦးကို ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် စင်္ကာပူ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။




