ကျော်သူဌေး | DMG
နိုဝင်ဘာ ၉၊စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် Covid-19 ပိုးတွေ့လူနာတစ်ဦး ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်တွင် သေဆုံးသွားသည်ဟု ကျောက်ဖြူဆေးရုံအုပ်ကြီးထံမှ သိရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသား ပိုးတွေ့လူနာအမှတ် ၅၅၆၂၈ သည်ယခင်က TB ရောဂါ အခံရှိပြီး၊ နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာ ယနေ့တွင် အသက်ရှူကြပ်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မောင်က ပြောသည်။

“သေသွားတာတော့ အသက်ရှူကြပ်ပြီး သေသွားတာပေါ့။ သူက အစကTB ဆေးသောက်နေရပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့က ပိုးတွေ့လို့ ကျနော်တို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ၊ ဒီနေ့မနက်မှာ အသက်ရှူကြပ်ပြီး သေသွားတာပါ”ဟု ၎င်းက ဆက်၍ရှင်းပြသည်။

အဆိုပါမြို့နယ်၌ Covid-19 ရောဂါဖြင့် သေဆုံးသူ ၂ ဦးအထိ ရှိလာပြီဖြစ်‌ကြောင်း လက်ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာ ၁၀ ဦးမှာ ရောဂါကောင်းမွန်လျက်ရှိကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါဖြင့် သေဆုံးသူ ယခင်က ၂၁ ဦးရှိရာ ယခုတစ်ဦးပါဆိုလျင် ၂၂ ဦးရှိသွားပြီဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းအချိန်ထိ စာရင်းအရ စုစုပေါင်းပိုးတွေ့လူနာ ၂၉၇၂ ဦးရှိပြီး၊ ဆေးရုံမှ ဆင်းသွားသည့် လူနာဦးရေမှာ ၂၈၃၄ ဦးရှိသည်။

လက်ရှိအချိန်ထိ တစ်ပြည်နယ်လုံး၌Covid-19 ပိုးတွေ့လူနာ ၁၃၈ ဦးကျန်ရှိပြီး၊ ယင်းအထဲမှ ပိုးတွေ့လူနာ အများဆုံးကျန်ရှိသည့် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ ၂၇ ဦး ရှိ‌ကြောင်း ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၉ ရက်နေ့နံနက် ၈ နာရီအချိန်အထိ Covid-19 ပိုးတွေ့လူနာ ၆၁၃၇၇ ဦးရှိပြီး၊ သေဆုံးသူ ၁၄၂၀ ရှိသွားပြီဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

Author: Admin