မောင်တောတွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ဆေးရုံမှထွက်ပြေး၊ ပြန်လည်ဖမ်းမိ၍ ဆေးရုံအချုပ်တွင် ချုပ်ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ COVID-19 Positive လူနာတစ်ဦး ဆေးရုံမှထွက်ပြေး၍ ပြန်လည် ဖမ်းဆီးကာ ဆေးရုံအချုပ်တွင် ချုပ်ထားသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

By ကျော်မျိုးအောင် 04 Sep 2020

ကျော်မျိုးအောင် | DMG
စက်တင်ဘာ ၄ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ COVID-19 Positive လူနာတစ်ဦး ဆေးရုံမှထွက်ပြေး၍ ပြန်လည် ဖမ်းဆီးကာ ဆေးရုံအချုပ်တွင် ချုပ်ထားသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

အဆိုပါ positive လူနာမှာ ဆေးကုသမှုခံယူနေသည့်နေရာမှ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ထွက်ပြေးသွားခြင်းဖြစ်ကာ မောင်တောမြို့ ၃ မိုင်မှ ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“သူကစိတ်မမှန်ဘူးလို့သိရတယ်။ သုံးဘီးနဲ့သွားတာမဟုတ်ဘူး၊ ခြေကျင်သွားတာလို့သိရတယ်။ ၃ မိုင်မှာ သူနဲ့အတူ ထိတွေခဲ့သူကိုတော့ Quarantine ထားတယ်။ သူ့ကိုတော့ ဆေးရုံထဲကအချုပ်ခန်းထဲ ထည့်ထားတယ်။ ဆေးရုံကိုလုံခြုံရေးတင်းကျပ်ဖို့ ညွှန်ကြားထားတယ်” ဟု ဦးစိုးအောင်က ပြောသည်။

ယင်းသို့ ထွက်ပြေးသည့်ပိုးတွေ့လူနာနှင့် အတူတွေ့ရှိသူတစ်ဦးကို Quarantine ထားရှိထားကြောင်းလည်း သိရသည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပိုးတွေ့လူနာများအတွက် စိတ်ပိုင်း ဆိုင်ရာ ဖျော်ဖြေမှုများလုပ်ဆောင်ပေးရန်လိုကြောင်း ထောက်ပြပြောဆိုသည်။

“အဓိကကျန်းမာရေးဌာနမှတာဝန်ရှိသူတွေမှာ အပြည်အဝတာဝန်ရှိနေတယ်။ လုံခြုံရေးအတွက် လူအင်အား မလုံလောက်ဘူးဆိုရင် ရဲကိုအကြောင်းပြီးတောင်းဆိုနိုင်တယ်။ နောက်တစ်ခုက ပိုးတွေ့လူနာတွေကို စိတ်ပိုင်း ဆိုင်ရာဖျော်ဖြေရေးအတွက် လူနာတွေကြည့်နိုင်ဖို့ တီဗွီတွေဖြစ်ဖြစ် ပြသပေးဖို့လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာတစ်ဦးက “ကျွန်မတို့ရောက်တာ ဒီနေ့ဆို ၆ ရက်ရှိပြီ။ မနက်မိုးလင်းရင် မုန့်နဲ့လဖ္ဘက်ရည်လာပေးတယ်။ ထမင်းစားချိန်ကျရင် ထမင်းလာပေးတယ်။ တီဗွီတို့ ဘာတို့ ဘာမှမရှိပါဘူး။ ထားပေးသင့်တယ် စိတ်ပိုင်းဆိုင်ရာဖျော်ဖြေမှုတစ်ခုဖြစ်တာပေါ့” ဟု ဆိုသည်။

ယခု positive လူနာထွက်ပြေးမှုနှင့်ပတ်သတ်ပြီး မောင်တောဆေးရုံအုပ်ကြီးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ဗီဒီယိုများ