ရသေ့တောင်မြို့၊ ရွှေပါရမီစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်အချို့အား မတ်လအတွင်းက တွေ့ရစဉ်။

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၁၃ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်အများဆုံးနေထိုင်သည့် ရသေ့တောင်မြို့နယ်တွင် ၅ ရက်အတွင်း ကိုဗစ်ရောဂါ ပိုးတွေ့လူနာ ၆၉ ဦး တိုးလာခြင်းကြောင့် ရောဂါကူးစက်မည့် အန္တရာယ်အပေါ် ယင်း စစ်ဘေးရှောင်များက စိုးရိမ်နေကြကြောင်း ပြောဆိုကြသည်။

နိုဝင်ဘာ လ ၈ရက်နေ့ မတိုင်ခင်ထိ ရသေ့တောင်မြို့နယ်တွင် ပိုးတွေ့ လူနာစုစုပေါင်း ၂၈ ဦး ရှိခဲ့သော်လည်း ယင်းနောက် COVID-19 ပိုးတွေ့လူနာ ၆၉ ဦး ထပ်တိုးလာကာ လက်ရှိတွင် ပိုးတွေ့ သူစုစုပေါင်း ၉၇ ဦးထိ ရှိနေ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းပိုးတွေ့ လူနာများမှာ ကျန်းမာရေးကောင်းမွန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း ပုံမှန်ပေးထားခြင်းနှင့် ရပ်ကွက်အလိုက် lock down ချထားမှုများ ရှိသော်လည်း တစ်ပတ်အတွင်း ပိုးတွေ့လူနာ အများအပြား တိုးလာခြင်းကြောင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များအနေဖြင့် ကျန်းမာရေးစိုးရိမ်မှု မြင့်တက်နေသည်ဟုလည်း ရသေ့တောင် စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ကိုဘက္ကာ ကပြောသည်။

“စစ်ဘေးရှောင်စခန်းမှာ ပိုးမတွေ့ သေးဘူးဆိုပေမဲ့ ပိုးတွေ့ လာမှာကိုတော့ အရမ်းစိတ်ပူမိတယ်။ တကယ်လို့  ပိုးတွေ့လာခဲ့ရင်တော့ စခန်းတစ်ခုလုံး ကူးစက်သွားနိုင်တယ်။ ဆိုတော့ စားဝတ်နေရေးလည်း အရင်ထက် ကြပ် တည်းသွားနိုင်တယ်။ စစ်ဘေးရှောင်တွေကိုတော့ ကျန်းမာရေးဌာနက အမြဲတမ်းသတိပေးတယ်။ ပညာပေးတာတွေ လုပ်ပေးတယ်။ ဒါပေမဲ့ စိုးရိမ်တာကတော့ အရင်ကထက် ပိုပါတယ်”ဟု ၄င်းကဆိုသည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဒေသခံများက လိုက်နာမှုအားနည်းခြင်းကြောင့် ထိန်းချုပ်ရေးပိုင်းတွင် အခက်အခဲဖြစ်ပြီး ယခုကဲ့သို့ ပိုးတွေ့လူနာ များသွားခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်မြင့်ဦးက ဆိုသည်။

“တစ်ပတ်အတွင်း အခုလိုမျိုး ပိုးတွေ့လူနာ တိုးလာတာဟာ COVID-19 နဲYပတ်သက်တဲ့ စည်းမျဉ်း၊စည်းကမ်း ချက်တွေကိုလည်း လိုက်နာမှုအားနည်းလို့ပါ။ မိသားစုလိုက် ပိုးတွေ့တာပါ။ အခု လောလောဆယ်တော့ မြို့ ပေါ် တစ်ခုတည်းမှာ ပိုးတွေ့ လူနာစာရင်းပေါ့နော်။ နယ်ဖက်တွေကိုလည်း ဆေးစစ်ဆေးရင်လည်း တွေ့နိုင်ပါတယ်” ဟု ၄င်းက ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးအခက်အခဲကြောင့် ကိုဗစ်ရောဂါ ကြိုတင်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို လိုက်နာမှုအားနည်းနေကြောင်း၊ ယင်းကြောင့် စားဝတ်နေရေး အဆင်ပြေစေရန် အစိုးရအနေဖြင့် ကူညီပေးသင့်ကြောင်း ရွှေပါရမီစစ်ဘေးရှောင်စခန်းက ကိုရန်ပိုင်စိုးကဆိုသည်။

“စစ်ဘေးရှောင်စခန်းက လူတွေဟာ ရောဂါကိုလည်း ကြောက်နေရတယ်။ စားဝတ်နေရေးအတွက်လည်း စိုးရိမ် နေရတယ်။ တကယ်လို့သာ စားဝတ်နေရေး အဆင်ပြေနေတယ်ဆိုရင် ရောဂါထိန်းချုပ်မှုကို တစ်ဝက်လောက် ဖြေရှင်းနိုင်မှာပါ”ဟု ဆိုသည်။  

ရသေ့တောင်မြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၂၈ ဦးထိရှိခဲ့ပြီး ယင်းထဲမှ ဆေးရုံမှဆင်းခွင့်ရသူ ၂၈ ဦးထိ ရှိ ကြောင်း ရသေ့တောင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ရက်နေ့ ကလည်း ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ပိုးတွေ လူနာတစ်ဦးရှိခဲ့ပြီး စခန်းကို အဝင်/အထွက် ကန့်သတ်လိုက်ကြောင်း ယင်းနောက် ပိုးတွေ့လူနာနှင့် ဆက်စပ်သူများကို ဆေးစစ်ဆေးရာ ရောဂါကူးစက်သူ ထပ်မံမတွေ့ရကြောင်း ကျောက်တော်မြို့နယ် ကျန်းမာရေးဌာနမှသိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာ ကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၂သိန်း၃သောင်း၆ထောင်ကျော်အထိ ရှိလာနေပြီး အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ နေကြရသည်။

Author: Admin