နိုဝင်ဘာလ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ်အတွင်း ဆန္ဒမဲလာရောက်ပေးနေကြသူများကို တွေ့ရစဉ်။

ကျော်သူဌေး | DMG
နိုဝင်ဘာ ၁၂ ၊ စစ်တွေ

၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ကျောင်းဆရာမတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ ၎င်းနှင့်ဆက်စပ်သူ ၃၄ ဦးအား အသွားအလာကန့်သတ်ထားကြောင်း ကျောက်ဖြူမြို့ပြည်သူ့‌ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ပိုးတွေ့ရှိသူမှာ အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာမဖြစ်ပြီး ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်အတွင်းမှ မဲရုံတွင်တာဝန်ထမ်းဆောင်နေစဉ် (နိုဝင်ဘာ ၈ ရက်နေ့)ကပင် အနံ့မရဖြစ်‌နေသဖြင့် ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ဆေးရုံသို့လာရောက်ပြသ၍ Swab စစ်ရာ၌ Covid-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူ ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ရှင်းပြသည်။

“သူနဲ့ ဆက်စပ်တဲ့သူတွေ အကုန်လုံးကို Quarantine ထားပါတယ်။ မဲပေးတဲ့လူတွေက စဝင်လာကတည်းက မာ့စ်တို့၊ မျက်နှာချုပ်တို့ တပ်ထားတယ်” ဟု ၎င်း က ပြောသည်။

ပိုးတွေ့လူနာ၏ မိသားစုဝင် ၇ ဦး၊ မဲရုံတွင် အတူတာဝန်ထမ်းဆောင်ခဲ့သည့်ဝန်ထမ်း ၁၄ ဦး၊ စေတီယျ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် ၅ ဦး၊ ပိုးတွေ့လူနာတည်းခိုခဲ့သည့်နေအိမ်မှ ၄ ဦးတို့အပြင် အလည်အပတ် သွားရောက်ခဲ့သည့် နေအိမ်မှ ၄ ဦး၊ စုစုပေါင်း ၃၄ ဦးအား Quarantine စင်တာအသီးသီးတွင် အသွားအလာ ကန့်သတ်ထားသည်။

ယခုပိုးတွေ့ရှိခဲ့သူဆရာမ တာဝန်ကျခဲ့သည့်မဲရုံတွင် မဲဆန္ဒရှင်စုစုပေါင်း တစ်ထောင့်ခုနှစ်ရာကျော်ရှိပြီး လူဦးရေ ခုနှစ်ရာကျော် ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ယင်းသို့ မဲလာပေးသူအများစုမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်ကမ်းချက်များနှင့်အညီ မဲပေး ခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့အား Quarantine ထားရန် အစီအစဉ်မရှိကြောင်း ကျောက်ဖြူမြို့ ဆေးရုံအုပ်ကြီးက ဆိုသည်။

ကျောက်ဖြူမြို့နယ်၌ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပိုးတွေ့လူနာ ၃၅၆ ဦးရှိကာ ရောဂါကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၄၆ ဦးရှိသဖြင့် လက်ရှိဆေးရုံတွင် ၈ ဦးသာရှိပြီဖြစ်သည်။ ထို့အပြင် ပိုးတွေ့လူနာများထဲမှ သေဆုံးသူ ၂ ဦးရှိခဲ့ကြောင်း သိရသည်။

Author: Admin