Photo - Rakhine COVID 19 Watch facebook page

ဉာဏ်ဟိန်း | DMG
နိုဝင်ဘာ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများထဲမှ နိုဝင်ဘာလ ၃ ရက်နေ့အထိ သေဆုံးသူ (၁၈)ဦး ရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နိုဝင်ဘာ ၁ ရက်နေ့က ကျောက်ဖြူမြို့တွင် အသက်(၅၀)အရွယ် ကိုဗစ်ပိုးတွေ့လူနာအမျိုးသားတစ်ဦး သေဆုံး သွားခဲ့ရာ တစ်ပြည်နယ်လုံး၌ ကိုဗစ်လူနာသေဆုံးသူစုစုပေါင်း ၁၈ ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်းကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

ကိုဗစ်ရောဂါဖြင့် သေဆုံးသူ(၁၈)ဦးတို့မှာ စစ်တွေ(၆)ဦး၊ ကျောက်ဖြူ(၁)ဦး၊ မြောက်ဦး(၂)ဦး၊ ကျောက်တော် (၇)ဦးနှင့် ပေါက်တောမြို့နယ်၌(၂)ဦးတို့ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ပြန့်နှံ့လာသဖြင့် ပြည်သူများကို Stay at home နေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း လိုက်နာမှုအားနည်းနေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“ကိုဗစ်ကတော့ ရခိုင်တပြည်နယ်လုံးကို ပြန့်သွားပြီ။ ကိုဗစ်မဖြစ်တဲ့မြို့နယ်ဆိုတာ မကျန်တော့ဘူး။ မဖြစ်ဖူးတဲ့ ရမ်းဗြဲတို့၊ မာန်အောင်တို့မှာလည်း အခု(၅)ယောက်လောက်တွေ့ထားတယ်။ စစ်တွေတော့ ၁ ထောင်ကျော်ထိ တွေ့တယ်။ အဲဒီတော့ ပြည်သူလူထုကို Stay at home နေဖို့ လိုက်နာစေချင်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းအချိန်ထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၂၈၇၁ ဦးရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူ (၂၇၀၄) ဦး၊ ဆေးကုသမှုခံယူနေသူ (၁၆၇)ရှိပြီး သေဆုံးသူ(၁၈)ဦးရှိကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၂ ရက်နေ့ ညနေ့ ၈ နာရီအထိ ရောဂါပိုးတွေ့သူ(၅၄၆၀၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၇၉၅၄)ဦးနှင့် သေဆုံးသူ(၁၂၈၂)ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီအသီးသီးမှ မဲဆွယ် စည်းရုံးရေးများလုပ်ဆောင်ရာ၌ လူစုလူဝေးများ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရသည်။

နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် သတ်မှတ်လူဦးရေထက် ကျော်လွန်ခြင်း၊ Social Distancing Rule ကို လိုက်နာရန်လိုအပ်ခြင်း၊ ဝန်းရံပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများကို တွေ့ရှိရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းကြောင့် မဲဆွယ်စည်းရုံးရေးကာလအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်နှင့် မိမိတို့၏ပါတီဝင်များ၊ ဝန်းရံသူမဲဆန္ဒရှင်ပြည်သူများကို အဆိုပါညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်စေရေး ကြီးကြပ်သွားရန်လည်း ရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားသည်။

Author: Admin