မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၈ ၊ စစ်တွေ

တကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားနေသည့် ကိုဗစ်ရောဂါ ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာလမှ စတင်ကာ ရောဂါကူးစက်ခံရသူ သိသိသာသာ လျော့နည်းလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်ပိုင်က “အရင်တုန်းကဆိုရင် လူတစ်ရာစစ်ဆေးရင် အယောက် ၃၀ လောက် တွေ့ရှိခဲ့တယ်။ ဒီဇင်ဘာလကစလို့ တချို့ရက်တွေဆိုရင် သုညတော့ ဘာတော့ အဖြေထွက်ပါတယ်။ သိသိသာသာကြီး လျော့နည်းလာပါတယ်။ အဲတာမျိုးထွက်တဲ့အချိန်မှာ ကျနော်တို့က တစ်ရက်ကို သုံးရာလေးရာလောက် စစ်တာလေ။ ဆိုတော့ ပိုးတွေ့ရှိမှုနှုန်းက ၁ ရာ ခိုင်နှုန်း အောက်မှာရှိတယ်” ဟု ဆိုသည်။

ယင်းနောက် ပိုးတွေ့လူနာ လျော့နည်းလာသည့်အတွက် အောက်တိုဘာ ဒုတိယအပတ်ကစပြီး စစ်တွေတက္ကသိုလ်ကျောင်း ကွာရန်တိန်းစင်တာကို ယာယီပိတ်ထားခဲ့ကြောင်း ရခိုင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ တာဝန်ခံ ကိုကျော်ဌေးဦးက ပြောသည်။

“အောက်တိုဘာ နောက်ဆုံးအပတ်ကစပြီး လျော့နည်းလာတာပါ။ နိုဝင်ဘာ ဒီဇင်ဘာလ လောက်က သိသိသာသာကြီး လျော့နည်းသွားပါတယ်။ အရင်တုန်းကဆိုရင် ကွာရန်တိန်းစင်တာ ၂ ခုပေါင်းရင် ကွာရန်တိန်းဝင်သူ စုစုပေါင်း ၁၀၀ ကျော်ရှိခဲ့တယ်။ အခု ဆိုရင် ကွာရန်တိန်း ဝင်သူ ၂ ယောက်တည်းရှိပြီ။ ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင်တော့ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်ပေါ့နော်။ ကိုဗစ် ဒုတိယလိုင်းစဖြစ်ခဲ့တဲ့ အချိန်တုန်းကနဲ့ နှိုင်းယှဉ်ရင်ပေါ့နော်” ဟု ဆိုသည်။

ယင်းကဲ့သို့ ရောဂါကူးစက်ခံရသည့် လူဦးရေ ကျဆင်းလာခြင်းကြောင့် အများအပြား နေထိုင်ရန် အဆင်ပြေသည့် စစ်တွေတက္ကသိုလ်ကျောင်း ကွာရန်တိန်းစင်တာ၊ အထ က (၄) ကွာရန်တိန်းစင်တာနှင့် တက္ကသိုလ်ကျောင်းဟောင်း ကွာရန်တိန်းစင်တာတို့တွင် ကိုဗစ်ပိုးရှိသူနှင့် ဆက်စပ်ခဲ့သူများကို ထားရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ဆေးရုံကြီးတွင်လည်း ဇန်နဝါရီ ပထမ အပတ်လောက်မှ စတင်ပြီး ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ တစ်ဦးမှ မရှိတော့ကြောင်း ကျောက်တော်မြို့နယ် ဆရာဝန် ဒေါက်တာသန်းထွန်းဦးက ဆိုသည်။

“ကိုဗစ်ကူးစက်ခံရသူတွေ ဆေးရုံဆင်းသွားကြတာတော့ တစ်ပတ်လောက်ရှိပြီ။ လောလောဆယ် ပိုးတွေ့လူနာလည်း တစ်ယောက်မှမရှိဘူး။ ရောဂါကူးစက်ခံရသူ လျော့နည်းလာတယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

ကျောက်တော်မြို့တွင် ကွာရန်တိန်းစင်တာများကို ယာယီပိတ်ထားသည်မှာ ၂ ပတ်ခန့်ကြာမြင့်နေပြီး ထပ်မံပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်သူ၊ နိုင်ငံခြားပြန်များရောက်ရှိလာပါက ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ကျောက်တော် ကွာရန်တိန်းစင်တာနှင့်ပတ်သတ်ပြီး လုပ်ဆောင်ပေးနေသည့် အသင်းထံမှ သိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်တွေမြို့နယ်တွင် နေထိုင်သည့် မိဘပြည်သူများအနေဖြင့် မိမိနေအိမ်တွင် (Stay at Home) နေထိုင်ရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန် ဈေးဝယ်မည်ဆိုပါက (၁) အိမ်လျင် (၁) ဦး၊ ဆေးခန်းပြသမည်ဆိုပါက (၁) အိမ်ထောင်လျှင် ၂ ဦးသာ နေအိမ်ပြင်ပသို့ထွက်ခွာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အရေးကြီးစီးပွားရေး လုပ်ငန်းကိစ္စများ၊ နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများအတွက် စစ်တွေမြို့နယ်မှ တခြားမြို့နယ်များသို့ သွားမည်ဆိုလျှင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များနှင့်သာ ခရီးသွားလာကြရန်နှင့် မပါရှိပါက ကျောက်တန်းဂိတ်နှင့် ရေယာဉ်ဂိတ်များတွင် စစ်ဆေးအရေးယူမည်ဟု ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ခရိုင်အုပ်ချုပ်မှူးမှ ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ထုတ်ပြန်ထားသည့် Stay at Home နေရန် ပြည်သူသို့  အမိန့် ပန်ကြားချက်များအား ဇန်နဝါရီလကုန်ထိ ထပ်မံသက်တမ်းတိုးလိုက်သည်ဟု အစိုးရမှ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၄၀၆၅ ဦးရှိပြီး သေဆုံးသူ ၃၆ ဦး ရှိသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီ ၇ ရက်နေ့ စာရင်းအရ သိရသည်။

Author: Admin