
DMG ရုံး ဖောက်ထွင်းမခံရမီက ရိုက်ကူးထားသော ပုံ။
သြဂုတ် ၁၅၊ ခင်သရဖီဦး
စစ်တွေမြို့ မြို့သူကြီးရပ်ကွက် ပန်းခြံလမ်းရှိ အိမ်အမှတ် ၁၅၃ တွင် ဖွင့်လှစ်ထားသော Development Media Group (DMG) ရုံး ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ မနက်အာရုံတွင် ဖောက်ထွင်းခံရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
DMG ရုံးမှ တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်က “ ဒီကနေ့ အာရုံလောက်မှာ ကျနော်တို့ DMG ရုံး ဖောက်ထွင်းခံလိုက်ရပါတယ်။ ကွန်ပျူတာတွေ၊ ရုံးဖုန်းတလုံး၊ ကင်မရာတစ်လုံးနဲ့ ဆိုင်ကယ်တွေ ပါသွားပါတယ်။ ဘယ်လို ခိုးသွားလဲဆိုတာ အတိအကျမသိရဘူး။ အောက်က ရုံးတံခါးတွေ ပိတ်ထားတာပါ။ ဒါပေမဲ့ ဝရံတာ တံခါးပေါက်တစ်ပေါက် ပွင့်နေတယ်။ အဲဒီကနေ ကျော်တက်ပြီး ပစ္စည်းတွေခိုး၊ ရုံးတံခါးဖွင့်ပြီး ယူသွားတာထင်တယ်။ ” ဟု ပြောသည်။
အခိုးခံရသော ပစ္စည်းများမှာ - Apple ကွန်ပျူတာ တစ်လုံး၊ Acer ကွန်ပျူတာ နှစ်လုံး၊ Hp ကွန်ပျူတာတစ်လုံး၊ iPad Tablet တစ်လုံး၊ Kenda Motorcycle ဆိုင်ကယ် အပြာ တစ်စီး၊ Kenda Motorcycle ဆိုင်ကယ် အနီ တစ်စီး (ဆိုင်ကယ်နံပါတ် - ၆၀ယ/၄၄၈၉၆)၊ ကျောပိုးအိတ် နှစ်လုံး၊ ဆိုင်ကယ်သော့ တစ်ခု (Stream အမျိုးအစား)၊ သော့ခလောက် တစ်ခု (ရုံးသော့)၊ Video Camera (Canon အမျိုးအစား) တစ်လုံး၊ ဖုန်းတစ်လုံး (Touch - MPT ဖုန်းအမျိုးအစား)၊ ဦးထုပ်နှစ်လုံး (ရိုးရိုး)နှင့် ဖိနပ် နှစ်ရံ ပါဝင်သွားကြောင်း ကိုမိုးဇော်မြင့်က ပြောသည်။
အဆိုပါ ဖောက်ထွင်းအခိုးခံရမှုနှင့် ပတ်သက်ပြီး အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ပစ္စည်းဆုံးရှုံးတန်ဖိုး ကျပ်သိန်း ၅၀ ခန့် ရှိသည်။
အလားတူ ယနေ့ အာရုံတွင် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်၊ ငပိန်းလမ်းရှိ အိမ်အမှတ် ၃၄ Development Media Group (DMG) အယ်ဒီတာချုပ် ဦးအောင်မင်းဦး နေအိမ်၌လည်း ခြံစည်းရိုးတံခါး ဖျက်ဆီးခံရပြီး ဆိုင်ကယ်များ ခိုးယူရန် ပြင်ဆင်နေသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက “ ခြံစည်းရိုးတံခါးပါ၊ သော့ခလောက်ပါ ဖျက်စီးခံရတယ်။ ဆိုင်ကယ် ခိုးယူဖို့လုပ်နေကြတယ်။ ကျနော်တို့ နေအိမ်က ဝန်ထမ်းတစ်ယောက် တွေ့လို့ သူခိုးလို့ အော်လိုက်တာနဲ့ ထွက်ပြေးသွားတယ်။ ကျနော်တို့ အိမ်က ဘာမှတော့ ပါမသွားဘူး။ မနက်မိုးလင်းတာနဲ့ ကျနော်တို့ DMG ရုံးဖောက်ထွင်းခံရတယ်လို့ ပြောတယ်။ ဒါက တိုက်ဆိုင်မှု မဟုတ်တော့ဘဲ ကျနော်တို့ကို ဦးတည်ပြီး ခိုးယူတယ်လို့ ယူဆရတယ်။ ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦး စီးနင်းနေသော suzuki smart အမျိုးအစား ဆိုင်ကယ်တစ်စီးလည်း နေအိမ်ရှေ့တွင် အခိုးခံခဲ့ရကြောင်း ဦးအောင်မင်းဦးက ပြောသည်။




